Thursday, March 10, 2011

အန္တရာယ်များလွန်းတဲ့ အလုပ်

သေချင်ရင် စိန်မစားနဲ့ မြန်မာပြည်မှာ လေယာဉ်မောင်းပါ။ လေယာဉ်မယ်လုပ်ပါလို့ ပြောရမလိုဖြစ်နေပြီ။ မြန်မာပြည်မှာ လေယာဉ်မောင်းနေသူတွေ၊ လေယာဉ်မယ်တွေကို ကျနော် တကယ်ကိုစိုးရိမ်ပါတယ်။ ချီးလည်းချီးကျူးပါတယ်။ နအဖ လက်ထဲမှာ လေယာဉ်ပျံတွေက ခဏခဏ ပျက်ကျနေတယ်။ ပြင်ဆင်မှု၊ ထိမ်းသိမ်းမှုတွေကလည်း ညံ့တယ်။

လေယာဉ်မောင်းတာ လေယာဉ်မယ်လုပ်တာ ခုလို ခေတ်ပျက်နေတဲ့ မြန်မာပြည်မှာ အလုပ်ကောင်းတခုပါ။ ဒါပေမဲ့ အ သက်အန္တရာယ်ကနီးလွန်းတယ်။အန္တရာယ် (Risk) က များလွန်းတယ်။ သိပ်ဝါသနာပါတယ်။ ဒါမှမဟုတ် ဒီအလုပ်ကိုပဲ ကျွမ်းကျင်နေပြီဆိုရင်တော့ တခြားနိုင်ငံက လေကြောင်းလိုင်းတွေမှာ အလုပ်ပြောင်းလဲလျေက်သင့်ကြတယ်။

ကျနော် ဘ၀မှာ တတိုင်းပြည်လုံး တုန်လှုပ်သွားတဲ့ ပထမဆုံး လေယာဉ်ပျက်ကျမှုကတော့ ကျနော်တို့ ငယ်ငယ်က ဖေါ ကာတစီးပျက်ကျတယ်။ လေယာဉ်ပျံနံပတ်ကို ကျနော် တော်တော်ကြီးတဲ့အထိ မှတ်မိတယ်။ လူတွေသေကြတယ်။ သေတဲ့အထဲမှာ လေယာဉ်မယ် တင်တင်လှိုင်ကိုတော့ မေ့လို့မရဘူး။ ကျနော်တို့အိမ်နဲ့ သိပ်မဝေးဘူး။ သူက တောင်ဥက္ကလာ ၁၆ ရပ်ကွက်မှာနေတယ်။

သူက တရုပ်ကပြား။ ထက်မြက်တယ်။ လှတယ်။ ချောတယ်။ မိဘကိုလုပ်ကျွေးနေတာပါ။ လေယာဉ်က ရန်ကုန်နဲ့ မြိတ် ပြေးတဲ့လေယာဉ်။ စက်ချို့ယွင်းပြီး ပယ်လယ်ထဲ ပျက်ကျ တယ်။ ပင်လယ်ထဲမှာ လေယာဉ်ကမိနစ်အနည်းငယ် ပေါနေ သေးတယ်။ လေယဉ်မယ် တင်တင်လှိုင်က သူ ကိုယ်လွတ်ရုန်းပြီး သွားရင်ရပေမယ့် ခရီးသည်တွေကို ဦးစားပေး ကယ် ထုတ်ခဲ့တယ်။ သူကတော့ အချိန်မရတော့တဲ့အတွက် လေယာဉ်နဲ့အတူ ပင်လယ်ကြမ်းပြင်မှာ ထာဝရအိပ်စက်ခဲ့ရတယ်။ သူရဲ့ သူရဲကောင်းပီသတဲ့ ဇတ်လမ်းက ကျနော်တို့ ငယ်စဉ်က ပုံပြင်တပုဒ်ပါ။ စစ်ဗိုလ်ချုပ်တွေရဲ့ သူရဲဘောကြောင်တဲ့ စိတ်ဓါတ် အတိုင်း အရပ်သားထဲက သူရဲကောင်းစိတ်ရှိတဲ့သူကို လူမှုထူးချွန်ဆု မပေးခဲ့ပါဘူး။ ဒီအကြောင်းကို ဆရာ မောင်သော်က စာပေဟောပြောပွဲတခုမှာ ပြောခဲ့ဘူးပါသေးတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ တလော က လေယာဉ်စက်ချို့ ယွင်းတယ်။ လေယာဉ်မှူး က မြစ်ထဲကိုထိုးဆင်းပြီး ခရီးသည်တွေ မသေအောင် ကယ်နိုင်တယ်။ သူ့ကို ကွန်ကရက်က သူရဲကောင်းဆု ချီးမြှင့်တယ်။ ဘာကြောင့် မြန်မာနိုင်ငံက ခေါင်းဆောင်ဆိုသူ တွေဟာ စိတ်ဓါတ်ရေးရာအရ သိပ်ကို လူစဉ်မမီလောက်အောင် သိမ်ဖျင်းနိမ့်ကျ နေပါ သလဲ။ သူတို့ငယ်စဉ် က သူတို့မိဘတွေရဲ့ နှိပ်စက်ညှင်းပန်းမှုကို ခံခဲ့ကြရလို့လား။ သိပ်ကို လူ့အောက်သူ့အောက်ကို ကျတဲ့ ဘ၀တွေက ပေါက်ပွား လာလို့လား။ စိတ် ပိုင်းဆိုင်ရာ မပြည့်ဝသူ တွေလား စဉ်းစားစရာတွေပါ။

သူအစ်ကိုက ကျနော်တို့နဲ့ ရင်းနှီးတဲ့အတွက် သူညီမ လေယဉ်မယ် တင်တင်လှိုင်ရဲ့ ကိုယ်လုံးပေါ် ဓါတ်ပုံလေးကို အမြဲတမ်း ထည့်ထားတယ်။ ကျနော်တို့ ကလေးတွေကို မကြာခဏပြပြီ သူ့ညီမလေးအကြောင်းကို လွမ်းတသ ပြောနေတယ်။ ခုတော့ သူရဲ့ သူရဲကောင်း ပီသတဲ့ပုံပြင်ကို လူတွေမေ့သွားပြီ။

နောက်တက္ကသိုလ်ရောက်တော့ မြိတ်က သူငယ်ချင်းတယောက်ကို ပေါင်းမိတယ်။ သူက အရင်းနှီးဆုံး သူငယ်ချင်းဖြစ် လာတယ်။ ကျနော် တော်လှန်ရေးထဲကိုဆင်းတော့ သူလည်းအတူပါလာတယ်။ သူမိဘနှစ်ပါးက ငယ်ငယ်ကထည်းက ဆုံးသွားတယ်လို့ ပြော တယ်။ ဘယ်လိုဆုံးသွားသလဲမေးမိတော့ ကျနော်ခုနက ပြောတဲ့ ဖေါကာလေယာဉ်ပျံ ပျက်ကျတုံး က ပါသွားတယ်လို့ ဆိုတယ်။ တိုက်ဆိုင်မှုက ထူးဆန်း စရာပါ။

ကျနော်တို့ကြီးလာတော့ အဆိုတော်စိန်လွင် တယောက် တွင်အော်တာ လေယာဉ် ပျက်ကျပြီး ဆုံးတယ်။ စိန်လွင် အသံ ကို ကျနော်တို့ ငယ်စဉ်က သိပ်ကြိုက်တယ်။ အသံ သိပ်ကောင်းတယ်။ အောင်မြင်ထင်ရှားတဲ့ အဆိုတော်ပါ။

သူများနိုင်ငံတွေမှာဆိုရင် သူလို အောင်မြင်နေတဲ့အဆိုတော်တယောက်ဟာ လေယာဉ်မောင် အလုပ်ကို ဆက်လုပ်စရာ မလိုတော့ပါဘူး။ သူ ဘာကြောင့် ဒီအလုပ်ကို ဆက်လုပ် သလဲ။ မဆလခေတ်မှာ အဆိုတော်တွေဟာ ချမ်းသာသွား လောက်အောင် ၀င်ငွေမကောင်းလို့လား။ ဒီအလုပ်ပေါ်မှာ သူဝါသနာပါနေလို့လား ကျနော်မသိပါ။ သူဆုံး သွားတဲ့ အတွက် သမျောမိတာပဲ ကျနော် သိတယ်။

ပိုဆိုးလာတာက ဒီလေကြောင်းလိုင်းတွေဟာ တိုင်းပြည်ပိုက်ဆံတွေကို ခိုးယူပြီး မတရား ချမ်းသာလာတဲ့ သန်းရွှေ မိသား စုက နောက်ကွယ်ကနေ ရှယ်ယာတွေ ပိုင်နေ ကြတယ်။ သူတို့က ခတ်စုတ်စုတ်လေယာဉ်တွေကို ဈေးပေါပေါနဲ့ဝယ်။ အ မြတ်များများ ရဖို့ ရည်ရွယ်ချက်တခုပဲ သူတို့သိနေခြင်း ဖြစ်တယ်။ သူတို့ခေတ်မှာ လေယာဉ် တွေဟာ အခေါင်းပျံတွေအ လားဖြစ်နေတယ်။ မကြာခဏ ပျက်ကျတယ်။ လေယာဉ်ပျက်ကျ တာ သတင်းမဟုတ်တော့သလို ဖြစ်လာတယ်။

လေကြောင်းဈေးကွက်ကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေတဲ့အတွက် ခရီးသည်ရော လေယာဉ်ဝန်ထမ်း တွေပါ ရွေးချယ် ခွင့်မရှိ။ သူတို့ကိုပဲ ဘုန်းရှင် ကံရှင် ကျေးဇူးရှင်တွေလို့ ထင်နေရတယ်။

လေယဉ်မောင်တွေ မယ်တွေမှာ ဘာအခွင့်ရေးမှ မရှိဘူး။ လေယာဉ်ထိမ်းသိမ်းမှုတွေကို စနစ်တကျ မရှိဘူး။ သူတို့ လေ ယဉ်တွေ ပျက်ကျတယ်။ လမ်းချောထွက်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတိုင်း လူတွေ ၀မ်းသာတယ်။ ကျနော်လည်း ၀မ်းသာတယ်။ ဒါပေမဲ့ သေဆုံးရတဲ့ ဒဏ်ရာရသွားတယ်ဆိုတဲ့သူတွေအတွက် ရိုးသားတဲ့ ၀န်ထမ်းတွေ အတွက် ကျနော်တို့ မပျော်ပါဘူး။ စိတ်မကောင်းကြပါဘူး။

မြန်မာ့လေကြောင်းနဲ့ ပုဂံလေကြောင်းက ၀န်ထမ်းတွေလည်း ပြည်သူတွေ ဘာကြောင့် မပျော်ဘူးဖြစ်နေတာကို သိနိုင် ပါစေ။ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါ။


Ref;naytthit

0 comments:

အပေါ်သို့