Tuesday, March 8, 2011

ဖြတ်လေးဖြတ်ကြောင့် ဒေသခံများ တိမ်းရှောင်


ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ထိန်းချုပ် ဒေသများတွင် စစ်အစိုးရ၏ ဖြတ်လေးဖြတ် အစီအစဉ်နှင့် တပ်များ ထပ်မံ တိုးချဲ့နေခြင်းကြောင့် ဒေသခံများ ကြောက်ရွံ့စိုးရိမ်ကာ နယ်စပ် ဒေသများသို့ ဦးတည် ထွက်ခွာနေကြောင်း စစ်ရေး လေ့လာသူများက ပြောသည်။

အဆိုပါ SSA မြောက်ပိုင်း ၀မ်ဟိုင်းဒေသရှိ ငွေကြေး ချမ်းသာသူ တချို့က ယင်း ဒေသများမှတဆင့် မြို့ကြီးများသို့ ထွက်ခွာနေ ခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

SSA-N တပ်မဟာ ၁ ထိန်းချုပ်ထားသော နယ်မြေ မိုင်းရှုးမြို့နယ် ၀မ်ဟိုင်းဒေသ တ၀ိုက်တွင် စစ်အစိုးရတပ်များ အနေဖြင့် တပ် အင်အားတိုးချဲ့ထားခြင်းသည် ဖြတ်လေး ဖြတ် အတွက် စတင်ကျင့်သုံးနေခြင်း ဖြစ်ကြောင်း သိရသည်။

“SSA မြောက်ပိုင်း တပ်မဟာ ၁ ဘက်ကလည်း သူတို့တပ်တွေကို စစ်ရေးအရ ပေါ့ပေါ့ ပါးပါးနဲ့ လျှင်မြန် ဖြတ်လပ်စွာ လှုပ်ရှား နိုင် အောင်တော့ ပြင်ဆင်ထားတယ်”ဟု ဦးစိန် ကြည်က ဆက်ပြောသည်။

နအဖ စစ်အစိုးရက ဖြတ်လေးဖြတ် ပြုလုပ်ရန် ညွန်ကြားချက်ထွက်ပေါ်ချိန်တွင် ဖေဖော်ဝါရီလအတွင်းက SSA မြောက်ပိုင်း ၀မ်ဟိုင်း ဌာနချုပ်ဘက်သို့ ဖြတ်သန်းသွား လာနေသော ခရီးသည်တင်ကားနှင့် ကုန်တင်ကားကြီးများကို သွားလာခွင့် ပိတ်ပင်မှုများနှင့် တိုက်ဆိုင်နေသည်။

ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်းဒေသ အနောက်ဘက်ခြမ်းတွင် ကျောက် မဲ မြို့အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ လက်အောက်ခံ တပ်ရင်းများ နှင့် သံချပ်ကာကား တချို့ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက တိုးချဲ့ ချထားကြောင်း သိရသည်။

နအဖ တပ်အင်အားတိုးချဲ့ထားခြင်းနှင့် ပတ်သက်၍ ဦးစိန်ကြည်က “တစ်အချက်က နအဖဘက်က အရင်ပစ်တယ် အရင် တိုက်တယ်၊ နံပါတ် နှစ်က သူတို့ သတ်မှတ်ထားတဲ့ ခွင်ထဲကို နယ်ထဲကို နအဖတပ်က ကျူးကျော်ဝင်လာတယ်ဆိုရင် ဒီနှစ်ခု က တိုက်ပွဲဖြစ်ဖို့ အလားအလာများတယ်”ဟု ပြောသည်။

တိုက်ပွဲ ကြီးကြီးမားမားတော့ ဖြစ်မည် မဟုတ်ကြောင်း၊ လျှပ်တပြက် တိုက်ပွဲမျိုးသာ ဖြစ်နိုင်ခြေရှိကြောင်း ၎င်းက ဆိုသည်။

အလားတူပင် ရှမ်းပြည်နယ် နမ့်ဇန်မြို့နယ် အတွင်းရှိ ရွာသုံးရွာမှ အိမ်ခြေ ၂၀၀ခန့်ကိုလည်း နမ့်ဇန်မြို့နယ်ခွဲသို့ ပြောင်းရွှေ့နေ ထိုင်ရန် နယ်မြေခံ စစ်အစိုးရတပ်က ဖိအားပေး နေကြောင်း သိရသည်။

၁၉၇၀ ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အပေါ် ဗိုလ်ချုပ်ကြီးနေဝင်း၏ မဆလ ခေတ် အစိုးရ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေး များတွင် ဖြတ်လေးဖြတ် အစီအစဉ်များ စတင်ကျင့်သုံးခဲ့သည်။

ဖြတ်လေးဖြတ်အစီအစဉ်မှာ လက်နက်ကိုင်အဖွဲ့များ၏ စားနပ်ရိက္ခာအရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေအရင်းအမြစ် များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ် မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်းတို့ ဖြစ်သည်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသများတွင် ယင်းဖြတ် လေးဖြတ် အစီအစဉ်ကို အကောင် အထည်ဖော်ရန် စစ်အစိုးရက သက်ဆိုင်ရာ စစ်ဌာနချုပ်များသို့ ညွှန်ကြားထား ကြောင်း စစ်ဘက် ဆိုင်ရာ အသိုင်းအဝိုင်းမှ သိရသည်။

ဖြတ်လေးဖြတ်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အချင်းချင်း ဆက်သွယ် ရေး လမ်းကြောင်းများကိုပါ ဖြတ်တောက်မည့် အစီအစဉ်လည်း ထပ်တိုးထားသည်ဟု စစ်ဘက် ဆိုင်ရာ သတင်းများက ဆိုသည်။

Ref;irrawaddy

0 comments:

အပေါ်သို့