Tuesday, March 8, 2011

အဓမ္မ လုပ်အားပေး ပပျောက်ရေး ILO ဆက်လက်ဆောင်ရွက်မည်

မတ်လ ၀၇ ရက် ၂၀၁၁ ခုနှစ်

ရန်ကုန် ILO အရာရှိ Steve Marshall နှင့် အင်တာဗျူး

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO သည် ပြီးခဲ့သည့်လအတွင်း မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးခဲ့ပြီး ILO လုပ်ငန်းစဉ်များ နောက်ထပ်တနှစ် ဆက်လက်လုပ်ကိုင်ရန် သဘောတူခဲ့သည်။

ILO သည် မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေး ခိုင်းစေမှုများ လျော့နည်းစေရေးအတွက် ဆယ်စုနှစ်တခုကျော် ကတည်းက ကြိုးပမ်းလာခဲ့သည့် နိုင်ငံတကာ အဖွဲ့အစည်းကြီး ဖြစ်သည်။

ILO ၏ မြန်မာနိုင်ငံအတွင်း အောင်မြင်စွာ လုပ်ဆောင်နိုင်မှုများနှင့် နောက်ထပ်တနှစ်အတွက် ILO ရည်ရွယ်ချက်များ သိရှိနိုင်ရန် ရန်ကုန်ရှိ ILO ဆက်ဆံရေးအရာရှိ Steve Marshall ကို ဆက်သွယ် မေးမြန်းထားသည်။

ILO အနေနဲ့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေ နောက်ထပ်တနှစ်အထိ ဆက်ပြီး လုပ်ငန်းတွေ လုပ်နိုင်မလား။ တကယ်လို့ လုပ်နိုင်မယ်ဆိုရင် ဘယ်လိုစီမံကိန်းတွေ၊ မျှော်လင့်ချက်တွေနဲ့ လုပ်သွားချင်တာလဲ။

’’ILO နဲ့ မြန်မာအစိုးရက ILO အနေနဲ့ မြန်မာနိုင်ငံထဲမှာ လုပ်ငန်းတွေ နောက်ထပ် ၁၂ လ ဆက်ပြီး လုပ်ဖို့ နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လက်မှတ်ရေးထိုးပြီးပါပြီ။ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အထိပါ’’

’’ILO အနေနဲ့ ဒီတနှစ် သက်တမ်းအတွင်းမှာ ၁၉၉၈ ခုနှစ်က လုပ်ခဲ့တဲ့ ILO စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြု တိုက်တွန်းချက်တွေ မြန်မာအစိုးရ လိုက်နာလာရေးအတွက် လုပ်ဆောင်သွားဖို့ ရည်မှန်းထားပါတယ်။ အဲဒါတွေကတော့ - (၁) အတင်းအဓမ္မ ခိုင်းစေမှုကို ဥပဒေနှင့် ဆန့်ကျင်သည့် ကိစ္စအဖြစ် သတ်မှတ်ကာ အကယ်၍ ယခင်က ဥပဒေများသည် အတင်းအဓမ္မ ခိုင်းစေမှုကို အားပေးသလို ဖြစ်နေပါက ထိုဥပဒေများအား ပြင်ဆင်ရန်နှင့် ရုပ်သိမ်းရန် (၂) ပုံစံအမျိုးမျိုးဖြင့် ရှိနေသည့် အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ပပျောက်သွားစေရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် (၃) ကျူးလွန်သူများအား အရေးယူသည့် ဥပဒေ အပါအဝင် အဓမ္မခိုင်းစေမှု တိုက်ဖျက်ရေး ဥပဒေများအား အသုံးချမှုနှင့် လိုက်နာမှုများ မြင့်တက်လာစေရေး ဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်’’

အဓမ္မ ခိုင်းစေမှု ပပျောက်ရေး ILO ရဲ့ ကမ်ပိန်းတွေဟာ မြန်မာနိုင်ငံထဲမှာ ဘယ်လောက်အထိ စိမ့်ဝင်ပျံ့နှံ့နေတယ်လို့ ထင်လဲ။

’’မြန်မာနိုင်ငံဟာ ဆက်သွယ်ရေးနဲ့ ပညာပေးရေးတွေအတွက် အကန့်အသတ်တွေ ရှိနေတဲ့၊ ကြီးမားတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အစိုးရနဲ့ ILO သဘောတူ ရိုက်နှိပ်ထားတဲ့ ပညာပေး လက်ကမ်းစာစောင်တွေကိုတော့ အစိုးရ ဌာနတွေကနေတဆင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေပါတယ်။ ပြီးတော့ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့၊ ဒေသတွင်းက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ပြည်တွင်းပြည်ပ မီဒီယာတွေကတဆင့် ပညာပေးနေကြပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ပညာပေးပေး၊ လူဦးရေ တော်တော်များများဟာ အဲဒီပညာပေး အစီအစဉ်တွေကို လက်လှမ်းမီနိုင်တဲ့ အနေအထားမှာ မရှိကြသေးပါဘူး။ တကယ်လို့ ပညာပေး လက်ကမ်းစာစောင်တွေကို တိုင်းရင်းသား ဘာသာစကားတွေနဲ့ပါ ရိုက်နှိပ်ဖြန့်ဝေဖို့အတွက် သဘောတူညီမှု ရခဲ့ရင်တော့ တော်တော်လေး အဆင်ပြေသွားမှာပါ’’

’’အစိုးရ အရာရှိ (အရပ်သားနဲ့ စက်ဘက်အရာရှိ) တွေလည်း ပါဝင်တဲ့ အစိုးရနဲ့ ILO ပူးတွဲ ပညာပေး အစီအစဉ်တွေကိုလည်း ဆက်လုပ်နေပါတယ်။ ပြီးတော့ ILO အနေနဲ့လည်း မြန်မာပြည်အနှံ့က လူထုအခြေစိုက် အဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီးတော့ ပညာပေးဆွေးနွေးပွဲ အစီအစဉ်တွေကို လစဉ် စတင်ပြုလုပ်နေပါတယ်’’

စစ်အစိုးရနဲ့ အရပ်ဘက် အာဏာပိုင်တွေက အလုပ်သမား အခွင့်အရေး ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ လူကြီးမင်း ထင်မြင်ယူဆထားလား။

’’အစိုးရအနေနဲ့ အလုပ်သမား အဖွဲ့အစည်းတွေအတွက် အခြေခံဥပဒေနဲ့ ညီညွတ်ပြီးတော့ အဖွဲ့အစည်းတွေရဲ့ လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ ILO ရဲ့ သဘောတူညီချက် ကွန်ဗန်းရှင်း ၈၇ နဲ့ ညီညွတ်တဲ့ ဥပဒေမူကြမ်းကို ရေးဆွဲပြီးပြီလို့ သိရပါတယ်။ သူတို့အနေနဲ့ ဥပဒေမူကြမ်းအတွက် ILO ဆီကလည်း ကနဦး အကြံဥာဏ်တချို့လည်း ယူခဲ့ပါတယ်။ အဲဒီ ဥပဒေမူကြမ်းဟာ မကြာခင် ကာလမှာ ပါလီမန်မှာ တင်သွင်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်’’

ပြီးခဲ့တဲ့ အပတ်က လူကြီးမင်းနဲ့ အစိုးရ အာဏာပိုင်တွေရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ဘယ်လို အခြေအနေ ရှိခဲ့လဲ။ အစိုးရအနေနဲ့ ILO ရဲ့ မြန်မာပြည်ထဲမှာ အားထုတ်မှုတွေနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှု အနေအထားကရော ဘယ်လိုရှိလဲ။

’’အစိုးရအနေနဲ့ ILO က အလုပ်သမား ဝန်ကြီးဌာန၊ အဓမ္မလုပ်အားပေး ခိုင်းစေမှု တိုက်ဖျက်ရေး အုပ်စု၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ကော်မတီနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတဲ့ အပေါ်မှာ အတော်ကိုပဲ လိုလိုလားလား ရှိခဲ့ပါတယ်’’

လာမယ့် နှစ်ထဲမှာ အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေအသစ်တွေက ဘယ်လိုအနေအထားမျိုး ဖြစ်လာစေမယ်လို့ ထင်ပါသလဲ။

’’တကယ်လို့ အလုပ်သမားတွေ ကိုယ်စားပြု ပါဝင်တဲ့ အဖွဲ့အစည်းတွေကို ခွင့်ပြုတဲ့ ဥပဒေတွေ ထွက်ပေါ်လာခဲ့မယ်ဆိုရင် အလုပ်သမား အခွင့်အရေးအတွက် အဓိက တိုးတက်မှု ခြေလှမ်းတရပ် ဖြစ်လာပြီးတော့ အသီးအပွင့်တွေ ထွက်ပေါ်လာမှာပါ’’

အဓမ္မ ခိုင်းစေမှု တိုင်ကြားရေးနဲ့ ပတ်သက်တဲ့ ILO ရဲ့ ဆောင်ရွက်မှု ယန္တရားကရော ဘယ်လိုအခြေအနေ ရှိပါသလဲ။ မြန်မာနိုင်ငံထဲမှာ အဲဒီစနစ်ရဲ့ အကျိုးသက်ရောက်မှုကရော အခုချိန်ထိ ဘယ်လိုအနေအထားမှာ ရှိလဲ။

’’ပညာပေး အစီအစဉ်တွေကြောင့် အခွင့်အရေးနဲ့ ဥပဒေတွေကို နားလည် သတိထားမိလာကြတာတွေရယ်၊ တိုင်ကြားဖို့ ယုံကြည်မှု ပိုမိုရှိလာကြတာတွေရယ်ကြောင့် တိုင်ကြားမှုတွေကို ပိုမို လက်ခံရရှိနေပါတယ်။ အဓမ္မ ခိုင်းစေမှုတွေကတော့ ဆက်ရှိနေတုန်းပါ။ အထူးသဖြင့် စစ်တပ်ကနေ အတင်းအကျပ် ခိုင်းစေတဲ့ ပြဿနာတွေက ကြီးမားတဲ့ ပြဿနာ ဖြစ်နေတုန်းပါပဲ’’

၂ဝ၁၂ ခုနှစ်ထဲမှာ အတည်ပြု ပြဋ္ဌာန်းနိုင်စရာ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ စစ်မှုမထမ်းမနေရ ဥပဒေအပေါ် ဘယ်လိုမြင်ပါသလဲ။ အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုမထမ်းမနေရ စနစ်က အဓမ္မခိုင်းစေမှုနဲ့ ကလေးစစ်သား ပြဿနာတွေကို လျော့ပါးသွားစေမယ်လို့ ထင်ပါသလား။

’’အဲဒီပြန်တမ်း ထွက်လာပေမယ့် ၂ဝ၁၂ ထဲမှာ အသက်ဝင်လာမယ်၊ မဝင်လာဘူးဆိုတာတော့ ကျနော်တို့ မသိနိုင်ပါဘူး။ အဲဒီဥပဒေမူကြမ်း အသက်ဝင်လာဖို့ဆိုရင် တကယ်အတည်ပြုခံရဖို့ လိုနေပါသေးတယ်။ တကယ်လို့ အဲဒီဥပဒေကို အတည်ပြုမယ်၊ ပြီးတော့ အသက်ကိုလည်း စနစ်တကျ စစ်ဆေးအတည်ပြုပြီး လုပ်မယ်ဆိုရင်တော့ အရွယ်ရောက်ပြီးသူတွေကို အတင်းအကျပ်ခိုင်းစေတာတွေ၊ ကလေးငယ်တွေကို စစ်တပ်ထဲ အတင်းသွတ်သွင်းတာတွေ လျော့နည်းသွားလိမ့်မယ်လို့ ထင်ပါတယ်’’

ILO အနေနဲ့ ရန်ကုန်ရဲ့ အပြင်ဘက်မှာရှိတဲ့ မိသားစုတွေဆီကနေ အာဏာပိုင်တွေရဲ့ အဓမ္မ ခိုင်းစေမှုကိစ္စ တိုင်ကြားမှုတွေကိုရော အများကြီး လက်ခံရရှိလား။ ပြီးတော့ အဲလိုတိုင်ကြားလို့ ထောင်ကျသွားတဲ့ အရေအတွက်ကရော အခုလောလောဆယ်မှာ ဘယ်လောက်ရှိပါသလဲ။

’’ကျနော်တို့အနေနဲ့ တိုင်ကြားမှုတွေကို မြန်မာနိုင်ငံရဲ့ ပြည်နယ်တွေ၊ တိုင်းတွေ အားလုံးကနေ လက်ခံရရှိပါတယ်။ လောလောဆယ်မှာ တိုင်ကြားတဲ့အတွက် ထောင်ကျသွားတဲ့ အမှု ၅ ခု ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ အဲဒီလူတွေ ပြစ်ဒဏ်ချမှတ်ခံရတာဟာ ILO ကို တိုင်ကြားတဲ့ ကိစ္စနဲ့ မပတ်သက်ဘူးလို့ ဆင်ခြေပေးနေပေမယ့် ILO အနေနဲ့ အဲဒီဖမ်းဆီးမှုတွေဟာ သဘောတူညီချက်တွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်တာလို့ ယူဆပါတယ်။ အဲဒီလူတွေ အမြန်ဆုံး လွတ်မြောက်လာရေးအတွက်လည်း နည်းလမ်းတွေ ရှာဖွေနေပါတယ်’’

ပြီးခဲ့တဲ့ နှစ်ထဲမှာ ကလေးစစ်သား ဘယ်နှယောက်လောက် မိသားစုဆီ ပြန်ရောက်ခဲ့ပါသလဲ။

’’၂ဝ၁ဝ မှာ ILO က လက်ခံရရှိထားတဲ့ ကလေးစစ်သား အမှုတွေထဲကနေ ကလေး ၇ဝ ဦး စစ်တပ်ထဲကနေ ထွက်ခွါခွင့် ရခဲ့ပါတယ်။ အဲဒီအစီအစဉ် စတင်တဲ့ ၂ဝဝ၇ ခုနှစ်ကနေ စတင်ရေတွက်မယ် ဆိုရင်တော့ ၁၅၇ ယောက် ရှိသွားပါပြီ။ အစိုးရက စုံစမ်းစစ်ဆေး ကိုင်တွယ်နေဆဲဖြစ်တဲ့ နောက်ထပ် အမှုပေါင်းက ၁၂ဝ ရှိနေပါတယ်။ ပြီးတော့ အစိုးရဆီ မတင်ရသေးတဲ့၊ ILO က စုံစမ်းအကဲဖြတ်နေဆဲဖြစ်တဲ့ လက်ခံရရှိထားတဲ့ ကလေးစစ်သား အမှုပေါင်းက ၁၁ဝ ခု ရှိနေပါတယ်’’

လူကြီးမင်းရဲ့ အမြင်မှာ ကလေးစစ်သား ခန့်အပ်တဲ့ ကိစ္စဟာ အခုလောလောဆယ် တိုးပွါးလာတယ်လို့ ထင်သလား။ ဒါမှမဟုတ် လျော့သွားတယ်လို့ ထင်သလား။

’’အဲဒါကတော့ ပြောလို့ မဖြစ်နိုင်ပါဘူး။ အစိုးရကတော့ စစ်ဘက်အမှုထမ်းတွေကို ကလေးစစ်သား ခန့်အပ်မှု ပပျောက်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးတယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ကလေးစစ်သားကိစ္စ တိုင်ကြားမှုတွေကတော့ ပိုမို လက်ခံရရှိနေပါတယ်။ ဒါပေမဲ့ ဒါဟာ ကလေးစစ်သား ခန့်ထားတဲ့ ကိစ္စတွေ များလာတာလို့ တထစ်ချ ပြောလို့ မရနိုင်ပါဘူး။ ပညာပေးမှုတွေကြောင့် ကလေးအခွင့်အရေးတွေ နားလည်လာတဲ့အတွက် တိုင်ကြားမှုတွေ ပိုမို ပြုလုပ်လာတာလည်း ဖြစ်နိုင်ပါတယ်’’

တချို့ ကလေးတွေက စစ်ထဲကို လိုလိုလားလား ဝင်ချင်နေရတာကိုရော ဘယ်လိုမြင်ပါသလဲ။

’’ကျနော်တို့ လက်ခံရရှိထားတဲ့ တချို့တိုင်ကြားချက်တွေမှာ ကလေးတွေကိုယ်တိုင်က သူုတို့ဆန္ဒအလျောက် စစ်တပ်ထဲကို ဝင်ချင်ကြတာပါ။ ဒါကလည်း မဆန်းပါဘူး။ ဆင်းရဲမွဲတွေမှုတွေ၊ ပညာရေး ချို့တဲ့မှုတွေ၊ မိဘကိုယ်၌က စစ်ထဲဝင်ဖို့ အားပေးတာတွေ၊ နောက်ဆုံး စစ်ယူနီဖောင်းနဲ့ စစ်ထဲဝင်ရင် စိတ်လှုပ်ရှားစရာ ကောင်းမယ်လို့ ထင်မြင်ယူဆမှုတွေကြောင့် စစ်ထဲဝင်ကြတာတွေလည်း ရှိတယ်။ ဒါပေမဲ့ ဥပေဒအရကတော့ အသက် ၁၈ နှစ်အောက် ယောကျာ်းလေး မှန်သမျှ မိမိဆန္ဒအလျောက်ဖြစ်ဖြစ်၊ အတင်းအကျပ်ပဲဖြစ်ဖြစ် စစ်တပ်ထဲမှာ ခန့်ထားမှု မပြုလုပ်ရပါဘူး’’

အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ မစုစုနွေးက အခုထိ အကျဉ်းကျတုန်းပဲဆိုတော့ ILO အနေနဲ့ သူလွတ်မြောက်ဖို့ လောလောဆယ် ကြိုးပမ်းပေးနေတာတွေ ရှိပါသလား။

’’ကျနော်အထက်မှာ ဖြေခဲ့တဲ့ အတိုင်းပါပဲ။ စုစုနွေးဟာ အဓမ္မလုပ်အားပေးခိုင်းစေမှုကိစ္စ တိုင်ကြားတဲ့အတွက် အကျဉ်းကျသွားတဲ့ တယောက်ပါ’’

Ref;mizzima

0 comments:

အပေါ်သို့