Friday, December 23, 2011

နိုင်ငံရေးအကျဉ်းသား​ နှစ်သုတ် ခွဲလွှတ်မည်ဟု သတင်းထွက်ပေါ်

December 22, 2011
မင်းလွင်

နိုင်ငံရေးအကျဉ်းသားတွေကို ဇန်န၀ါရီ လဆန်းပိုင်းမှာ နှစ်သုတ်ခွဲပြီးတော့ အကျဉ်းထောင်တွေထဲကနေ ပြန်လွှတ် ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို နှစ်သုတ်ခွဲပြီး ဇန်န၀ါရီ ၄ ရက်နေ့မှာ တခါ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ တခါ လွှတ်ပေးမယ်ဆိုပြီး အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က တာဝန်ရှိသူ တဦးဖြစ်တဲ့ ရထားဝန်ကြီးက တိုင်းရင်းသား​ ​ခေါင်းဆောင်တွေကို ပြော ခဲ့တာပါ။

မနေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)နဲ့​တွေ့ဆုံစဉ်​ ​ပြောခဲ့တာဖြစ်ကြောင်း​ ​ကေအန်ယူမှ ဖဒို ဒေးဗစ်ထောက ပြောပါ တယ်။


“အစိုးရသစ်လက်ထဲ အကျဉ်းဦးစီးဌာနက ဒီအကျဉ်း သားတွေ စာရင်းကို လွှဲပြောင်းပေးတဲ့အချိန် မှာ သူတို့အနေနဲ့ ရရှိတာက အားလုံးက ရာဇဝတ် အကျဉ်းသားလို့ပဲ သူတို့ သိရတယ်လေ။ ဆိုတော့ ဒီဟာကို သေချာအောင် ကိုဇာဂနာ ဦးစီးတဲ့ အကျဉ်း သားဟောင်းတွေကနေပြီးတော့ တထောင်ဝင် တထောင်ထွက် လိုက်လံ စာရင်းကောက်ယူ ပြုစုတဲ့ဟာက အခု စာရင်းအရ ပြော မယ်ဆိုရင် ၆၀၀ နီးနီး ရှိတယ်လို့ သူ အဲဒါကို ပြောပြပါတယ်။ ကျနော်တို့ အေအေပီပီကနေ တင်ပြထားတဲ့ ဦးရေနဲ့ ဆိုရင်တော့ နည်းနည်းတော့ ကွာဟမှုတော့ ရှိတာကိုတော့ တွေ့ရတယ်ပေါ့လေ။ အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ လွတ်မြောက်ရေး အတွက် ဦးအောင်မင်းက ဆက်လက်ပြီး ရှင်းပြတာကတော့ ဒီ ဇန်နဝါရီလ ၄ ရက်နေ့မှာ အကျဉ်းသားတွေ လွှတ်တဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားအချို့လည်း ပါဝင်မယ်။ နောက်ပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ နောက်တကြိမ် လွှတ်မယ်ဆိုရင် လည်း နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်မယ်။ ဒီအကြိမ်ကျရင်တော့ နိုင်ငံရေး အကျဉ်းသားတွေက ကုန်သလောက် ရှိသွားပြီလို့ ကျနော်တို့ကို ပြောပြသွားတာ ရှိပါတယ်။”

ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အေအေပီပီ အတွင်းရေးမှုး ကိုတိတ်နိုင်က

“အဲဒီလိုတော့ ကြားနေတာပဲ။ သို့ပေမယ့် သူတို့ပြောတာကတော့ နှစ်သုတ်ခွဲလွှတ်မယ်၊ ဒုတိယအသုတ်မှာတော့ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးမယ်လို့ သူတို့ပြောတယ်။ သို့ပေမယ့် သူတို့က နိုင်ငံရေးအကျဉ်းသား ဆိုတာကို ဘယ်လို သတ်မှတ်ထားလဲ ဆိုတဲ့ကိစ္စ တခါမှ မကြေညာတဲ့အခါကျတော့ ဘယ်လိုလူတွေကို လွှတ်ပေးမှာလဲ၊ အရေအတွက် ဘယ်လောက် ကို လွှတ်ပေးမှာလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမယ့် အခြေအနေမျိုး ရှိတယ်။ သေချာတာကတော့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်လာဖို့အတွက်ကတော့ နည်းနည်း ခက်လိမ့်ဦးမယ် ထင်တယ်။ အကန့်အသတ်အနေနဲ့ပဲ လွှတ်ပေးဖို့ များပါ တယ်။”

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အပြောအရ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေး ဆက်လုပ်မယ်ဆိုတဲ့ အကန့်အသတ်နဲ့ လွှတ်နိုင် တယ် လို့လည်း ပြောဆိုနေကြပါတယ်။

အေအေပီပီရဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းအရဆိုရင်တော့ ၁၅၄၆ ဦး ရှိနေပြီးတော့ အစိုးရနဲ့ အခြား အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး အကျဉ်းသားစာရင်းဟာ ကွာဟာတာတွေ ရှိပါတယ်။ အစိုးရစာရင်းအရ ရာဂဏန်း အနည်းငယ် လွှတ်ပေးမှာကို အတိုက်အခံအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။

အေအေပီပီက စာရင်းရယ်၊ အန်အယ်ဒီက စာရင်းနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက စာရင်းတွေကတော့ ကွဲပြားနေတယ်လို့ နိုင်ငံတော် သမ္မတ အကြံပေး ဦးနေဇင်လတ်က ပြောပါတယ်။

“အေအေပီပီပြောထားတဲ့ စာရင်းရယ်၊ နောက်တခါ အန်အယ်လ်ဒီက ဒေါ်အောင်ဆန်းစုကြည်တို့ ပြောထားတဲ့ စာရင်းရယ်၊ နောက် တခါ ပြည်ထဲရေးက ပြောထားတဲ့ စာရင်းရယ် အဲဒီ သုံးခုကတော့ နည်းနည်းလေး ကွာတယ်ပေါ့ဗျာ။ တခု ရှိတာကတော့ အေ အေ ပီပီကတော့ ကျနော် အမှတ်မမှားရင် ၁၅၀၀ လား​ ​ပြောထားတယ်။ ​ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က​ ​ပြောတာကျတော့ ၅၉၁ ယောက်ပေါ့ဗျာ၊ နောက်တခါ ပြည်ထဲရေးက ပြောတာကျတော့ ၅၀၀ ကျော်ပေါ့ဗျာ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထဲရေးပြောတာကတော့ နီးစပ်တယ်ပေါ့။ ဒါကတော့ နည်းနည်းလေး ဝိဝါဒလေး ကွဲတဲ့ဟာ ဖြစ်နိုင်တယ်ပေါ့။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့ကနေ ပြောထားပြီးတဲ့အတွက် နိုင်ငံရေးအကျဉ်းသား တွေကို အမြန်ဆုံး လွှတ်ပေးနိုင်မယ်လို့ ဦးနေဇင်လတ်က ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့