Tuesday, December 20, 2011

ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရက ကေအိုင်အိုထံ စာပို့တဲ့အပေါ် မေးမြန်းချက်

December 19, 2011
ရွှေအောင်

ဦးအောင်သောင်း ဦး​ဆာင်တဲ့​​ ​ပြည်တွင်း​​​​ ​ငြိမ်းချမ်းရေး​ ​ဖော်ဆောင်ရေးအဖွဲ့​က​ ​ကေအိုင်အို ကချင်လွတ်မြောက်ရေး​ အဖွဲ့ထံ ငြိမ်းချမ်းရေး​ ​ဆွေးနွေးဖို့ အကြောင်းကြားစာ​ ​ပေးပို့တယ်လို့ ကေအိုင်အိုက ပြောပါတယ်။

အစိုးရဘက်က အကြောင်းကြားစာကို ဒီဇင်ဘာ ၁၈ ရက်နေ့ ညပိုင်းက လက်ခံရရှိခဲ့တာလို့ ကေအိုင်အေ(ကချင်လွတ်မြောက်ရေး တပ်မတော်) ဒု-စစ်ဦးစီးချုပ် ဂွမ်မော်က ပြောပါတယ်။

“ကျနော်တို့ဆွေးနွေးပွဲတွေ လုပ်ဖို့ပေါ့။ အဲဒီတော့ သူတို့ဘက်က အဖွဲ့ဝင် ၁၁ ဦး​ ပါတဲ့ အဖွဲ့ ဖွဲ့စည်းထားတယ် ဆိုတဲ့​ အကြောင်း ပါ။ အဲတော့ ကျနော်တို့ကိုလည်း​​ ပြန်ပြီး အကြောင်းကြားပေးဖို့​ ဆိုပြီး အကြောင်း​ ​ကြားထားတာ။ ကေအိုင်အိုနဲ့ ဆွေးနွေးဖို့ သီး သန့်အဖွဲ့ပါ။ သူတို့ကတော့ ပြည်ထောင်စုအဆင့် သီးသန့်ဖွဲ့စည်းတဲ့ အဆင့်ပါ။ ဦးအောင်သောင်းပါတယ်။ ဒုတိယခေါင်းဆောင် အနေ နဲ့ ဦးအောင်မင်းနဲ့ ဦးသိန်းဇော်ပါတယ်။ အားလုံး ၁၁ ဦးပါ။”


သူက အကြောင်းပြန်ပါဆိုတာ ဗိုလ်ချုပ်တို့နဲ့ ဘယ်နေ့​ ဘယ်ရက်မှာ​ ​တွေ့မယ်ဆိုပြီး မေးတာလား။ ဘယ်လိုလဲခင်ဗျ။ စာရဲ့အဓိပ္ပာယ်က။

“ကျနော်တို့က ဒီနေ့စပြီး အစည်းအဝေးထိုင်နေပါပြီ။ ကျနော်တို့ဘက်ကလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြင်ဆင်ပြီးတော့ အကြောင်းကြားဖို့ လုပ်နေပါတယ်။”

အဲတော့ ဗိုလ်ချုပ်တို့ ဘယ်တော့လောက် ပြန်အကြောင်းကြားမလဲခင်ဗျ။

“ကျနော်တို့ ဒီကနေ့ ဗဟိုကော်မတီဝင်တွေ စပြီးဆွေးနွေးနေတယ်။ တချို့လူကြီးတွေက အဝေးမှာ ရောက်နေတဲ့အခါကျတော့ ကျနော်တို့ သူတို့နဲ့ ဖုန်းနဲ့ပြန်ပြီး အဆက်အသွယ် လုပ်နေပါတယ်။ ကျနော်တို့ ပြန်ပြီး အတည်ပြုပြီးတဲ့နောက် မကြာပါဘူး။ မနက်ဖြန် ညနေလောက်ဆိုရင် အတည်ပြုနိုင်အောင် ကြိုးစားနေပါတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်တို့ဘက်က သဘောထားအမြင်တွေ ဘာတွေ ပြောလို့ရရင် ပြောပေးပါလား။ အခုလို ဦးအောင်သောင်း ခေါင်းဆောင်တဲ့ အဖွဲ့က စာပို့ အကြောင်းကြားလာတဲ့ အပေါ်မှာပေါ့။

“ကျနော်တို့ဘက်ကတော့ ဆွေးနွေးဖို့ အမြဲတမ်း လက်ခံပါတယ်။ ပွင့်လင်းပြီး ထင်သာမြင်သာဖြစ်တဲ့ ပုံစံမျိုးနဲ့ပေါ့။ အဲဒီတော့ အခုလို အကြောင်းကြားတယ်ဆိုရင် ကျနော်တို့ဘက်ကလည်း လေးလေးနက်နက် စဉ်းစားပြီး အစီအစဉ်တွေ လုပ်သွားမှာပါ။”

သမ္မတက ကချင်ပြည်နယ်အတွင်း ထိုးစစ်ရပ်ဖို့ ကာကွယ်ရေးဦးစီးချုပ်ထံ စာပို့အကြောင်းကြားပြီး ၈ ရက်အကြာမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ရဲ့ အကြောင်းကြားစာ ကေအိုင်အိုထံ ရောက်ရှိလာတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်က ဦးအောင်သောင်း ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ ကေအိုင်အို ခေါင်းဆောင်တချို့ တရုတ်နိုင်ငံ၊ ရွှေလီမှာ တွေ့ဆုံ ခဲ့ကြပေမယ့် သဘောတူညီချက် တစုံတရာ မရရှိခဲ့ဘဲ တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပါတယ်။

အစိုးရတပ်တွေနဲ့ ကေအိုင်အေတို့အကြား ပြီးခဲ့တဲ့ ဇွန်လကစလို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး ဒီနေ့အထိလည်း တိုက်ပွဲငယ်တွေ ဖြစ်ပွားနေတုန်းပါ။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့