Tuesday, December 20, 2011

CNF နဲ့ ပြည်နယ် အစိုးရ ဆွေးနွေးဖို့ ချင်းခေါင်းဆောင်တွေ သဘောတူ

2011-12-19

အစိုးရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အရ ချင်းအမျိုးသား တပ်ဦး CNF ဟာ လာမယ့် ဇန်န၀ါရီလ ပထမပတ်ထဲမှာ ချင်းပြည် နယ် အစိုးရနဲ့ ပဏာမ အဆင့် တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ အာရ်အက်ဖ်အေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ကျင်းပခဲ့တဲ့ ချင်း မျိုးနွယ်စု ခေါင်းဆောင်တွေ၊ ချင်း လူမှု အဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ ပညာ ရှင်တွေနဲ့ ချင်းအမျိုးသား တပ်ဦးတို့ ပါတဲ့ အရေးပေါ်ညီလာခံကနေ ချင်းပြည်နယ် အစိုးရနဲ့ အရင် တွေ့ဆုံ ဆွေးနွေးဖို့ သဘော တူခဲ့ တာလို့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အန်ဒရူး ငုန်ကျုန်းလျန်က အာရ်အက်ဖ်အေကို ပြောပါတယ်။


ချင်းပြည်နယ် အစိုးရနဲ့ ဆွေးနွေးမယ့် CNF ရဲ့ကိုယ်စားလှယ် အဖွဲ့ကို လက်ထောက် အတွင်းရေးမှူးချုပ် ဒေါက်တာ ရွှေခါး၊ ဒေါက်တာ အန်ဒရူး ငုန်ကျုန်းလျန် အပါအ၀င် အဖွဲ့ဝင် ၁၀ ဦးနဲ့ ဖွဲ့စည်းထား ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်က ချင်းအမျိုးသား တပ်ဦး CNF ဟာ တခြား တိုင်းရင်းသား အဖွဲ့ တစ်ချို့လိုပဲ မြန်မာ အစိုးရ ရဲ့ဗဟိုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နဲ့ ထိုင်း မြန်မာ နယ်စပ် တစ်နေရာမှာ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့