Monday, December 19, 2011

ဘာစီလိုနာနဲ့ ဆန်းတို့စ် အပြိုင်ကြဲမယ့် ကမ္ဘာ့ကလပ် ဗိုလ်လုပွဲ

ဆောင်းဦးလင်း
December 18, 2011

၂၀၁၁ ခုနှစ် အတွက် နောက်ဆုံးပွဲအဖြစ် စပိန်လိဂ်မှာ ဘာစီလိုနာ အသင်းဟာ ရီးရယ်မက်ဒရစ် အသင်းကို ဘာနေဗျူး ကွင်း မှာ ၃-၁ နဲ့ အနိုင်ရပြီးနောက် ကမ္ဘာ့ကလပ် (Club World) ပြိုင်ပွဲအတွက် ဂျပန်ကို ရောက်ရှိလာပါပြီ။ ဘာစီလိုနာဟာ ပွဲဦး ထွက် မှာပဲ ဆီမီးဖိုင်နယ် အဆင့်က စတင် ယှဉ်ပြိုင်ခွင့်ရပြီး ကာတာကလပ် အယ်ဆတ် အသင်းကို ၄ – ဝ နဲ့ အနိုင်ရလို့ ဗိုလ် လု ပွဲကို တက်ပါတယ်။

တဖက်မှာတော့ ဖိုင်နယ်ကို ဘာစီလိုနာထက် တရက် ကြိုရောက်နေတဲ့ ဘရာဇီးနာမည်ကြီး ကလပ် ဆန်းတို့စ်အသင်းကတော့ ဘရာဇီးရဲ့အနာဂတ် ကြယ်ပွင့်လို့ သတ်မှတ်ထားတဲ့ နေမာတို့ အုပ်စုရဲ့ခြေစွမ်းနဲ့ ဖိုင်နယ်အဆင့်ကို တက်လာပါတယ်။


ဆန်းတို့စ် အသင်းဟာလည်း အဆင့် သတ်မှတ်ချက်အရ ဘာစီလိုနာ နည်းတူ ဆီမီးဖိုင်နယ်ကနေ စတင် ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပြီး ဂျပန်ကလပ် ကာရှီမာ ရေးဆော အသင်း ကို ၃-၁ နဲ့ ခြေစွမ်းပြ အနိုင်ယူအပြီးမှာ ဘာစီလိုနာ အသင်းနဲ့ ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပါပြီ။

ဘောလုံးပရိသတ်တွေ စိတ်ဝင်စားစရာ ဖြစ်လာတာကတော့ တောင်အမေရိကသားတွေ ဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား လီယွန်နယ်မက်ဆီနဲ့ နောက်ပိုင်း ခြေစွမ်း ထက်လာတဲ့ ၁၉ နှစ်သား နေးမာ တိုရဲ့ ထိပ်တိုက် တွေ့ဆုံမှုပဲ ဖြစ်ပါတယ်။

ဆန်းတို့စ် ၃ – ၁ ကာရှီမာ ရေးဆော
ဥရောပ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့် နေးမာဟာ ဆန်းတို့စ် အသင်းမှာပဲ ဆက်ကစားနေပါတယ်။ ၁၉ နှစ်သား နေးမာဟာ ဘောလုံး ပရိသတ်တွေ ကြားမှာ ရေပန်းစားနေခဲ့တာ ကြာပါပြီ။ အခုလို ကမ္ဘာ့ကလပ်ဖလား ကန်တဲ့အချိန်မှာ ဆန်းတို့စ်အသင်း ဆိုရင် ဘောလုံးပရိတ်သတ်က ထူးခြားတဲ့ ဆံပင် စတိုင်၊ ဘရာဇီး ကစားဟန်နဲ့ လှလှပပ ကစားတတ်တဲ့ နေးမာကိုပဲ ပြေးမြင်မိကြပါတယ်။ နေးမာဟာ ကာရှီမာရေးဆောနဲ့ပွဲမှာ အသင်းအတွက် ဗွေဆော်ဦး အဖွင့်ဂိုး သွင်းယူပေးခဲ့သလို၊ အသင်းဖော်တွေဖြစ်တဲ့ ဘော်ဂက်စ်၊ ဒန်နီလို တို့ကလည်း ဆန်းတို့စ် အတွက် ဖိုင်နယ် တနေရာ ရရှိအောင် ပို့ဆောင်ပေးလိုက်နိုင်ပါတယ်။ ဒါကြောင့်မို့ ဆန်တို့စ် အသင်းဟာ ဘာစီလိုနာ အသင်းထက် တရက် စောပြီး ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဘာစီလိုနာ ၄ – ၀ အယ်ဆတ်
ကမ္ဘာ့ကလပ် ဖလားကို ရအောင်ယူမယ် လို့ကြွေးကြော်ပြီးလာတဲ့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကလပ်တခု ဖြစ်တဲ့ ဘာစီလိုနာဟာ ရှေ့တန်းမှာ မက်ဆီ၊ ဗီလာ၊ ပက်ဒရို၊ အလယ်တန်းမှာ အင်နီယေစတာ၊ မာရှေရာနို၊ ကီတာ၊ သီယာဂို၊ နောက်တန်းမှာ ပူယိုလ်၊ အက်ဒရီယာနို၊ အဘီဒယ်၊ ဂိုးသမား အဖြစ် ဗောဒက်စ် တို့နဲ့ လူအင်အားအပြည့် ပွဲထွက်လာပါတယ်။

ဥရောပ ချန်ပီယံ ဘာစီလိုနာ အသင်းဟာ ပွဲ အစအဆုံး ကွင်းလယ်မှာ ထိန်းချုပ် ကစားသွားခဲ့ပြီး ပထမပိုင်းမှာတင် နောက်ခံ အစွန်လူ အက်ဒရီယာနို ရဲ့သွင်းဂိုး ၂ ဂိုး နဲ့ သက်သက်သာသာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမ ပိုင်းပြီးဖို့ ၆ မိနစ် အလိုမှာ ဒေးဗစ်ဗီလာ ဒဏ်ရာ အပြင်းအထန်ရပြီး ထမ်းစင်နဲ့ ခေါ်ထုတ်သွားခဲ့ရပါတယ်။ ဘာစီလိုနာကို လွန်ခဲ့တဲ့ ၂ နစ်လောက် က ပြောင်းရွေ့ကြေး သန်း ၄၀ နဲ့ ရောက်လာခဲ့ပြီး ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေတဲ့ ဗီလာ ဒဏ်ရာ ရသွားတာဟာ ဘာစီလိုနာ အတွက် အကြီးအကျယ် အထိနာပါတယ်။ ဒေးဗစ်ဗီလာဟာ အခု အပြောင်းအရွေ့မှာ ချယ်ဆီး နဲ့လစ်ဗာပူးကို ပြောင်းမယ်လို့ နာမည် ကြီးနေပါတယ်။

ဒဏ်ရာရသွားတဲ့ ဒေးဗစ်ဗီလာနေရာမှာ ဆန်းချက်စ် ၀င်ကစားပြီး ပထမပိုင်းမှာ ၂ ဂိုး အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယ ပိုင်းမှာတော့ လူစား ထပ်ဝင်လာတဲ့ မက်ဝယ် အပြင် ကီတာ တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့တဲ့ အတွက် ပွဲအပြီးမှာ ကာတာ ကလပ် အယ်ဆတ်ကို ၄ ဂိုးပြတ်နဲ့ နိုင်သွားပါတယ်။

ဒါကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ ကမ္ဘာ့ကလပ်ဖလားအတွက် ဂျပန်နိုင်ငံ ယိုကိုဟားမား မြို့ကြီးမှာ အကြိတ်အနယ် ယှဉ်ပြိုင် တော့မယ့် ဥရောပက စပိန်ကလပ် ဘာစီလိုနာ နဲ့ တောင်အမေရိက ဘရာဇီးကလပ် ဆန်းတို့စ် တို့ရဲ့ ပွဲဟာ ဘောလုံး ပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ပွဲ ဖြစ်လာမှာပါ။

ကမ္ဘာ့ကလပ် (Club World) ပွဲစဉ်များ
အကြို -ကွာတားဖိုင်နယ်
ကာရှီမာ ရေဆော ၂ – ၀ အောကလန် စီးတီး အက်စီ

ကွာတားဖိုင်နယ်
ကာရှီမာ ရေဆော ၁ – ၁ (အချိန်ပို၊ ပယ်နတီ ၄-၃ ) ကလပ်ဒီ မွန်တာရေး
စပေါ့တစ် ဒီတူးနစ် ၁ – ၂ အယ်ဆတ်
ဆီမီးဖိုင်နယ်
ကာရှီမာ ရေဆော ၁ – ၃ ဆန်းတို့စ်
အယ်ဆတ် ၀ – ၄ ဘာစီလိုနာ

တတိယ လုပွဲ ( ၁၈ ရက် ဒီဇင်ဘာ ၂၀၁၁ )
ကာရှီမာ ရေဆော - အယ်ဆတ် (မြန်မာစံတော်ချိန် ၂ နာရီ )

ဖိုင်နယ် ( ၁၈ ရက် ဒီဇင်ဘာ ၂၀၁၁ )
ဆန်းတို့စ် – ဘာစီလိုနာ (မြန်မာစံတော်ချိန် ၅ နာရီ)

Ref: ဧရာဝတီ

0 comments:

အပေါ်သို့