Monday, December 19, 2011

မြန်မာ-ဘင်္ဂလားဒေ့ရှ် စစ်ရေး ပူးပေါင်းမှု တိုးမြှင့်မည်

ခင်ဦးသာ
December 17, 2011

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် တပ်မတော် နှစ်ရပ်အကြား စစ်ဘက်ဆိုင်ရာ ကိစ္စများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်သွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။

မြန်မာ ရေတပ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၄ ရက်ကြာ ခရီးစဉ်အဖြစ် ဒီဇင်ဘာ ၁၂ နေ့မှ စတင်သွားရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ရေတပ်စစ်ဦးချုပ် Zahir Uddin Ahmed နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ စစ်ဘက်ရေးရာကိစ္စ များ ဆွေးနွေးခဲ့ကြောင်း ယမန်နေ့ထုတ် အစိုးရသတင်းစာများတွင် ရေးသားထားသည်။

ခရီးစဉ်အတွင်း ဒု ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းသည် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ မစ္စ ရှိတ်ဟာဆီနာ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။


ဤခရီးစဉ်သည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အတွင်း မြန်မာစစ်တပ် ထိပ်တန်းခေါင်းဆောင်တဦး ဘင်္ဂလားဒေ့ရှ်သို့ တတိယ အကြိမ်မြောက် သွားရောက်ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဒု ကာကွယ်ရေးဦးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဧပြီလတွင် လေတပ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး မိုးဟိန်းတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ စစ်ဘက်ဆိုင်ရာများ ဆွေးနွေး ခဲ့ကြသည်။

မြန်မာ စစ်ဗိုလ်ချုပ်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မကြာခဏ သွားရောက်နေခြင်းသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အငြင်းပွား နေသည့် ရေပိုင်နက်ပြဿနာအပြင် ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ စစ်ရေးအင်အား တိုးချဲ့ခြင်း၊ အမေရိကန်-ဘင်္ဂလားဒေ့ရှ် စစ်တပ်များ ပူးပေါင်း၍ စစ်ရေးလေ့ကျင့်နေခြင်းတို့နှင့် သက်ဆိုင်ကြောင်း စစ်ရေးလေ့လာသူတချို့က သုံးသပ်သည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်ရေးတိုးချဲ့၊ တပ်လှန့်မှု လုပ်နေတော့ နှစ်နိုင်ငံ နယ်စပ်ဒေသမှာရှိတဲ့ တပ်တွေကြားမှာ အချိန်မရွေး ထိပ်တိုက် ပစ်ခတ်တာတွေ ဖြစ်လာနိုင်တာကို ခေါင်းဆောင်တွေက ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနဲ့ ဖြေရှင်းလိုတဲ့ ဆန္ဒတွေ ရှိနေ တယ်လို့ထင်တယ်” ဟု ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊ သုတေသနနှင့် မှတ်တမ်းဌာမှ သုတေသီ ဦးဌေးအောင်က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန်ရေတပ်နှင့် စစ်ရေးလေ့ကျင့်ခြင်းကို ပြီးခဲ့သည့်လ အနည်းငယ်က လုပ်ဆောင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် အမေရိကန်စစ်တပ်အပြင် တရုတ်နိုင်ငံ စစ်တပ်နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများရှိသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် နှစ်နိုင်ငံရေပိုက်နက် အငြင်းပွားမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး နှစ်နိုင်ငံရေပိုင်နက်အကြား၌ သဘာဝဓာတ်ငွေ့သိုက်များရှိကြောင်း၊ ၂၀၀၈ ခုနှစ်တွင် စမ်းသပ်တွေ့ရှိရာမှ နှစ်နိုင်ငံ ရေတပ် စစ်သဘောင်္များ စေလွှတ်ခဲ့သည် အထိ တင်းမာခဲ့ကြကြောင်း သိရသည်။

ထိုရေပိုင်နက် အငြင်းပွားမှုသည် နိုင်ငံတကာ ရေကြောင်းဆိုင်ရာ တရားရုံးအထိ ရောက်ရှိသွားခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အပြီးသတ် ဆုံးဖြတ်ပေးမည် ဖြစ်သည်။

နှစ်နိုင်ငံ နယ်နိမိတ်ရှိ နတ်မြစ်ဝဒေသတွင် မြန်မာနိုင်ငံဘက်မှ ဆည်တမံတည်ဆောက်သည့် စီမံကိန်းသို့ ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့က ပစ်ခတ်ခဲ့သဖြင့် ၂၀၀၂-၀၃ ခုနှစ်ဝန်းကျင်ကလည်း နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုများ ရှိခဲ့ကြောင်း ဦးဌေး အောင်က ဆိုသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ၏ စစ်တပ်များအနက် ဘင်္ဂလားဒေ့ရှ် စစ်တပ်နှင့် ပူးပေါင်းမှု ပိုမိုလုပ်ဆောင်လာခြင်းမှာ ရေပိုင်နက်ကိစ္စအပြင် စီးပွားရေးအရ နိမ့်ပါးနေခြင်းကြောင့်လည်း ပါဝင်ကြောင်းသိရသည်။

“နှစ်နိုင်ငံစလုံးက ဆင်းရဲတဲ့နိုင်ငံတွေ ဖြစ်တာရယ်၊ ရေပိုင်နက်က သဘာဝဓာတ်ငွေ့ အများအပြားရှိတယ်လို့ ယူဆနေကြတာတွေ၊ နောက်တခုက ဘင်္ဂလားဒေ့ရှ်က လူဦးရေ တအားများနေတဲ့အတွက် နယ်စပ်က လူဝင်၊ လူထွက် ကိစ္စတွေအတွက် အငြင်းပွားမှု တွေ မကြာခဏ ဖြစ်နေတာတွေကို ဖြေရှင်းဖို့အတွက် တပ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နေကြတယ်” ဟု ဦးဌေးအောင်က ပြောသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရသည် မြန်မာနိုင်ငံနှင့်နီးစပ်သည့် ၎င်းတို့၏ ပိုင်နက်ဒေသ၌ လေတပ်စခန်းသစ်တခု တိုးချဲ့တည်ဆောက်ခဲ့ သည့်အပြင် မြေပြင်မှဝေဟင်ပစ် တရုတ်နိုင်ငံလုပ် ဒုံးကျည်များကိုလည်း ဒီဇင်ဘာလဆန်းပိုင်းက တိုးချဲ့တပ်ဆင်ခဲ့ကြောင်း နိရဉ္စရာ သတင်း၌ ရေးသားထားသည်။

ဒု ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း၏ ခရီးစဉ်တွင် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲရေး ဆောင်ရွက်မည်ဖြစ်ပြီး နှစ် နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း အစိုးရသတင်းစာများက ရေးသားထားသော်လည်း အသေးစိတ် မဖော်ပြထားချေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သတင်းများအရ နှစ်ဘက်ခေါင်းဆောင်များသည် စစ်တပ်ကိစ္စအပြင် နှစ်နိုင်ငံ ကုန်သွယ်မှုကိစ္စ၊ အာရှဒေသ တွင်း ဆက်သွယ်မည့် ချစ်ကြည်ရေး လမ်းဖောက်ရေးကိစ္စ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာနိုင်ငံမှ ဒုက္ခသည်များ ပြန်ပို့ရေးနှင့် လေကြောင်းလိုင်းတိုးချဲ့ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာသည် မြန်မာနိုင်ငံသို့ ယခုလ ၅ ရက်ရက်နေ့က လာရောက်လည်ပတ်ခဲ့ပြီး စီးပွားရေး ဆိုင်ရာ စာချုပ်တချို့ကို မြန်မာအစိုးရနှင့် ချုပ်ဆိုခဲ့ကြောင်း၊ ရွှေသဘာဝဓာတ်ငွေ့များ ၀ယ်ယူရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့