Friday, December 23, 2011

မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေး

December 22, 2011

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ အစိုးရငြိမ်းချမ်းရေး​ ကိုယ်စားလှယ်တွေ ဒီကနေ့ တွေ့ဆုံ​ ​ဆွေးနွေး ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီဘက်က အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်တဲ့အဖွဲ့နဲ့ အစိုးရဘက်က မြန်မာ့မီးရထားဝန်ကြီးဦးအောင် မင်းတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့မှာ ဒီကနေ့ မနက် ၁၁ နာရီကနေ မွန်းလွဲ ၁ နာရီအထိ အချိန် ၂ နာရီကြာ ပဏာမ တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံပွဲမှာ အစိုးရဘက်က အချက် ၃ ချက် တင်ပြခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။


“အစိုးရဘက်က ကိုယ်စားလှယ် ဝန်ကြီးဦး အောင် မင်းက သူ့အနေနဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိ နိုင်ဖို့အတွက် သူက အချက် သုံးချက်အဆင့် သုံးဆင့်တင်ပြတယ်။တစ်အချက် ကတော့အပစ်ခတ်ရပ်စဲရေးလုပ်ဖို့။အဲဒီအဆင့် ထဲမှာအပစ်ခတ် ရပ်စဲရေး လုပ်ပြီး ရင်တဖက်က ဆက်ဆံရေးရုံးတွေ ဖွင့်ဖို့၊ နောက်ပြီးတော့မှ တဖွဲ့နဲ့တဖွဲ့ သွားလာဖြတ်သန်းတဲ့ နေရာမှာ နားလည်မှု ရယူပြီးတော့ ပေါ့နော် အဲဒါ သွားလာဖို့ ဆိုတဲ့ အပိုင်း။ ဒုတိယအဆင့်ကတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့ အဲဒီအပေါ်မှာ နားလည်မှု ရယူပြီးရင် တတိယအဆင့်ကတော့ နေပြည်တော်မှာ ကျယ်ကျယ်ပြန့်ပြန့် ပင်လုံကဲ့သို့သော ညီလာခံမျိုး လုပ်ပြီးတော့မှ အဲဒီမှာ နားလည်မှုယူ၊ အဲဒီမှာ နားလည်မှု ရှိတဲ့အပေါ်မှာ သဘောတူလက်မှတ်တွေ ထိုးပြီး လွှတ်တော်ကို တင်ပြီးတော့မှ အခြေခံ ဥပဒေကို ပြင်နိုင်ဖို့၊ ပြင်ဆင်ဖြည့်စွက်သွားနိုင်ဖို့ အဲဒါမျိုး သူက တင်ပြတယ်။”

နောက်တကြိမ် တွေ့ဆုံဆွေးနွေးပွဲကို အစိုးရဘက်က လာမယ့်နှစ် ဇန်န၀ါရီလထဲမှာ ပြုလုပ်ချင်ပေမယ့်လည်း မွန်ပြည်သစ်ပါတီ ဘက်က ပါတီ ညီလာခံပြီးမှ ရက်သတ်မှတ်နိုင်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ပါတီဌာနချုပ် ရေးချောင်းဖျားမှာ မွန်ပြည်သစ်ပါတီညီလာခံကို မနေ့ကစပြီး ၂ ပတ်ကြာ ကျင်းပနေဆဲဖြစ်ပြီး အစိုးရနဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ပါတီညီလာခံမှာ ထည့်သွင်း ဆွေးနွေးမယ်လို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး လွတ်လပ်သောမွန်သတင်းစဉ် အယ်ဒီတာ နိုင်ဗညားအောင်က ခုလိုသုံးသပ်ပါတယ်။

“တဖက်နဲ့ တဖက်ပြောကြတဲ့အခါမှာကျတော့ ပွင့်ပွင့်လင်းလင်းနဲ့ တဖက်ပြောတာကိုလည်း တဖက်က တလေးတစား နားထောင် ကြတယ်။ မွန်ပြည်သစ် ကိုယ်စားလှယ်ဘက်က အနေနဲ့ဆိုရင်တော့ အတော်လေး ကျေနပ်ပါတယ်။ ဒီလို ဆွေးနွေးပွဲတွေ ထပ်ဖြစ် ဖို့လည်း ရှိလာနိုင်တာပေါ့။”

ဒီကနေ့ တွေ့ဆုံပွဲမှာ မွန်ပြည်သစ်ပါတီဘက်က အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ ဗဟိုအလုပ်အမှုဆောင် နိုင်ရွှေသိန်းနဲ့ နိုင်တလညီ၊ ဗဟိုကော်မတီဝင် ဗိုလ်မှူးလရီကောင်း၊ ထားဝယ်ခရိုင်အတွင်းရေးမှူး နိုင်ဗညားလယ် တို့ တက်ရောက်ပြီး အစိုးရ ဘက်က မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့အတူ ဒေါက်တာနေ၀င်းမောင်နဲ့ အဖွဲ့ဝင် ၈ ဦး တက်ရောက်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်လာဖို့အတွက် မွန်ပြည်သစ်ပါတီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်တုန်းကလည်း မွန်ပြည်နယ် အစိုးရကိုယ်စားလှယ်တွေနဲ့ မွန်ပြည်နယ် ရေးမြို့မှာ တခါ၊ နိုဝင်ဘာ ၁၄ ရက်က မွန်ပြည်နယ် အစိုးရ ငြိမ်းချမ်းရေး အကျိုးတော် ဆောင်တွေနဲ့ မွန်ပြည်သစ်ပါတီဌာနချုပ်မှာ တခါ အစပျိုးအနေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ အပစ်ခတ်ရပ်ဖို့ သဘောတူခဲ့ကြ တယ်။ ဒါပေမယ့် ၂၀၁၀ မှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ အစိုးရက ဖိအားပေးခဲ့တဲ့အတွက် အပစ်အခတ် ရပ်ရေး ပျက် ပြယ်ခဲ့ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့