Thursday, December 22, 2011

ချင်းအမျိုးသားနေ့ ချင်းဝန်ကြီးချုပ် လက်မခံ

ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ်

ဖေဖေါ်ဝါရီ ၂ဝ ရက်အား ချင်းအမျိုးသားနေ့အဖြစ် ပြန်လည် သတ်မှတ်ကျင်းပရန် ပြည်ထောင်စု အစိုးရက ခွင့်မပြုသေး၍ ပြည်နယ် ဝန်ကြီးချုပ်က လက်မခံကြောင်း မင်းတပ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးမှ အင်္ဂါနေ့က ခေါ်ယူ အသိပေးလိုက်သည်။

ချင်းအမျိုးသားနေ့ ကျင်းပရေး အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မန်း (အငြိမ်းစား ငှက်ဖျား တိုက်ဖျက်ရေးမှူး) လက်မှတ် ထိုး၍ နိုဝင်္ဘာ ၂၃ ရက်နေ့စွဲဖြင့် ပေးပို့လိုက်သည့် ချင်းအမျိုးသားနေ့ ကျင်းပရေး စီမံချက်အား ဝန်ကြီးချုပ် ဦးဟုန်းငိုင်းက ကြေး နန်ဖြင့် ပြန်ကြားလိုက်ခြင်း ဖြစ်သည်။

“ပြည်ထောင်စု အစိုးရက ခွင့်မပြုသေးလို့ ခွင့်ပြုတဲ့ အချိန်ကျမှသာလျှင် ကျင်းပဖို့ဆိုပြီး ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက် အရ ဘောလုံးကွင်းမှာ ချင်းပြည်နယ်နေ့ပဲ ကျင်းပမယ်လို့ ဒီနေ့ မြို့နယ် ထွေ/အုပ်ရုံးမှာ အစည်းအဝေး ခေါ်ပြီး ကြေးနန်း ဖတ်ပြတယ်။ အမျိုးသားနေ့ကိုတော့ ရပ်ကွက်အနေနဲ့ ကျေးရွာအနေနဲ့ ကျင်းပလို့ ရပါတယ်တဲ့” ဟု အစည်းအဝေး တက်ရောက်ခဲ့ သည့် ကော်မတီဝင် သစ်ကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။

ချင်းအမျိုးသားနေ့ ကျင်းပရေး အမြဲတမ်းကော်မတီအား နိုင်ငံရေးပါတီဝင်များမဟုတ်သည့် မင်းတပ်နှင့် ကန်ပက်လက် မြို့နယ်မှ အငြိမ်းစားဝန်ထမ်းများ၊ ကုန်သည်များ၊ ရပ်မိရပ်ဖ ၆ဝ ကျော်ဖြင့် ဧပြီလ ၁၇ ရက်နေ့က ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ပါလီမန် ဒီမိုကရေစီခေတ်က စတင် ကျင်းပလာခဲ့သည့် ချင်းအမျိုးသားနေ့အား ဦးနေဝင်း ခေါင်းဆောင်သည့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်မှသည် ယနေ့တိုင် ပြည်နယ်နေ့ အဖြစ် အစိုးရ အဆက်ဆက်က ပြောင်းလဲ ကျင်းပ လာခဲ့ခြင်းဖြစ်သည်။

“ချင်းအမျိုးသားနေ့က ၁၉၄၉ ကနေ စရေတွက်မယ်ဆို ၆၄ နှစ် ရှိပါပြီ။ ပြည်နယ်နေ့က ၁၉၇၄ ဇန်နဝါရီ ၃ ရက်ကနေ စရေ တွက်ရင် ၃၆ နှစ်ပဲ ရှိပါသေးတယ်။ ချင်းပြည်နယ်နေ့ကို ဇန်နဝါရီလ ၃ ရက်နေ့မှာ ကျင်းပမယ်ဆိုရင် ကျနော်တို့ အားလုံး ပါဝင် ပေးမယ်လို့ တင်ပြတာကို လက်မခံဘူး။ ကျန်တဲ့မြို့နယ်တွေမှာလည်း ဒီလိုပဲ ကိုယ့်ဟာကိုယ် ခဲရာခဲဆစ် ကျင်းပကြရတာပါ” ဟု အသက် ၇ဝ ကျော်အရွယ် ကော်မတီဝင်တဦးက ပြောသည်။

အမျိုးသားနေ့ တရားဝင် ကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ လဆန်းတွင် သမ္မတထံ ဆက်လက် တင်ပြသွားမည်ဟု သိရသည်။ ၂ဝ၁၂ ခုနှစ် ချင်းပြည်နယ်နေ့ကိုမူ မြို့နယ်ဘောလုံးကွင်း၌ ဖေဖေါ်ဝါရီ ၁၈-၁၉-၂၀ ရက်နေ့များတွင် ပြည်နယ် အစိုးရမှ ဦးစီး ကျင်းပမည် ဖြစ်သည်။

ချင်းတိုးတက်ရေးပါတီများ အနေနှင့် ချင်းအမျိုးသားနေ့နှင့် ပတ်သက်၍ ဆွေးနွေး ဆုံးဖြတ်ချက် မရှိသေးကြောင်း အထွေထွေ အတွင်းရေးမှူး (၁) ဦးဒိုင်းထုံးက ပြောသည်။

“ခုထက်ထိတော့ ကျနော်တို့မှာ အဲဒီကိစ္စ ဆွေးနွေးတာ ဘာမှမရှိသေးဘူး။ ကျောင်းသားတွေနဲ့ ပြန်ညှိနှိုင်းပြီးမှ လုပ်ရမယ် ထင် တယ်။ အမျိုးသားနေ့ ဆိုတာကတော့ ပိုအဓိပ္ပါယ်ရှိတာပေါ့” ဟု ပြောသည်။

ချင်းအမျိုးသားတပ်ဦး CNF မှ ပြောခွင့်ရ ဒေါက်တာဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်က “အဲဒီနေ့ဟာ ဘယ်လိုနည်းနဲ့မှ ချင်းပြည် နယ်နေ့ မဖြစ်နိုင်ဘူး။ ချင်းပြည်နယ်ဆိုတာ မဆလ တက်လာပြီး ၁၉၇၄ အခြေခံ ဥပဒေ တည်ပြီးတဲ့ နောက်ပိုင်းမှာမှ ဖြစ်တာ။”

“ အဲဒီနေ့ကို ချင်းပြည်နယ်နေ့လို့ သတ်မှတ်ကျင်းပတာဟာ မှားယွင်းတဲ့ အတွေးအခေါ်လည်း ဖြစ်တယ်၊ အယူအဆ လည်း ဖြစ်တယ်၊ လုပ်ဆောင်မှုလည်းဖြစ်တယ်။ ချင်းအမျိုးသားနေ့ရဲ့အနှစ်သာရက ဘာလို့ နက်ရှိုင်းလဲဆိုရင် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို ကူးပြောင်းဖို့ ဖြစ်တဲ့အတွက် ဒီဟာက အနှစ်သာရရှိတယ်” ဟု ပြောသည်။

၁၉၄၈ ဖေဖေါ်ဝါရီလ ၁၉ မှ ၂၂ ရက်နေ့ထိ ဖလမ်းမြို့၌ ချင်းဝိသေသတိုင်းလုံးဆိုင်ရာ ညီလာခံ ကျင်းပခဲ့သည်။ ညီလာခံအတွင်း တီးတိန်ကိုယ်စားလှယ် ထောင်ဇခိုင်း တင်သွင်းခဲ့သော အဆိုအမှတ် ၄ တွင် “လူထုဆန္ဒအရ ဒီမိုကရေစီ စနစ်နှင့် အုပ်ချုပ် သည့် စနစ် ဖွဲ့စည်းရန်” ပါရှိသည်။

အဆိုတွင် နယ်ချဲ့အင်္ဂလိပ်တို့အလိုကျ ခန့်ထားသော တိုက်သူကြီးများမှာ ကောက်ပဲသီးနှံ၊ လူခွန်၊ အမဲခွန်များအား မတရား ကောက်ခံနေ၍ ဖြုတ်ချရန်နှင့် ရွေးကောက်တင်မြှောက်ထားသည့် လူထုကိုယ်စားလှယ်များ ပါဝင်သည့် ကောင်စီဖြင့် အုပ်ချုပ် သင့်ကြောင်း ပါရှိသည်။

ထို့နောက် ချင်းရေးရာကောင်စီက ၁၉၅၀ အောက်တိုဘာ ၉ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ အား ‘ချင်းအမျိုးသားနေ့’ အဖြစ် ရွေးချယ်သတ်မှတ် ကျင်းပလာခဲ့ကြသည်။

၁၉၅၁ ခုနှစ်က မင်းတပ်မြို့၌ ကျင်းပခဲ့သော ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် တက်ရောက်ချီးမြင့်ခဲ့ဖူးသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့