Tuesday, December 20, 2011

ဒဲရက်မစ်ချယ် - မြန်မာဆိုင်ရာမူဝါဒ ကင်းထောက်

ဒီဇင်ဘာလ ၁၉ ရက် ၂၀၁၁ ခုနှစ်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နှင့် မြန်မာပြည်ဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူး ဒဲရက်မစ်ချယ် သည် မြန်မာအစိုးရ အရာရှိများနှင့် ဆွေးနွေးပြောဆိုခဲ့သည်များကို ပေကျင်းမြို့ရှိ အမေရိကန်သံရုံး၌ အင်္ဂါနေ့က တရုတ်အစိုးရ အရာရှိများကို သူ၏ ခ ရီး စဉ်အပြီး ရှင်းလင်းပြောပြခဲ့သည်။

အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာအစိုးရသစ်၏ မကြာသေးခင်က ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအပေါ် အမေရိကန်အစိုးရ၏ အမြင်၊ ဒေသတွင်း လုံခြုံရေးကိစ္စများ၊ တိုင်းရင်းသား လူနည်းစု အရေးနှင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် စပ်လျဉ်းသည့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ အကြား ပူးပေါင်း ဆောင်ရွက်မှုကိစ္စများ ပါဝင်သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အဆိုပါ တွေ့ဆုံမေးမြန်းခန်းကို အနည်းငယ်ကို တည်းဖြတ်တင်ဆက် ထားပါသည်။


နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို သွားရောက်အပြီးမှာ အမေရိကန်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး တစုံတရာ ပြောင်းလဲသွားပြီလို့ ယုံကြည်ယူဆ မှုတွေရှိနေပါတယ်။ အမေရိကန် နိုင်ငံခြားရေး မူဝါဒမှာ မြန်မာနိုင်ငံဟာ ဘယ်လိုအခန်း ကဏ္ဍက ဆက်ရှိနေမှာပါလဲ။

"ဆက်ဆံရေးကတော့ ဆက်ပြီးတိုးတက်နေမှာပါ။ သူတို့က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်နေသမျှ အမေရိကန်ကလည်း အထောက်အပံ့တွေ ပေးနေမှာပါ၊ ဒီဖြစ်စဉ်မှာ လက်တွဲဆောင်ရွက်နေမှာပါ။"

"နိုင်ငံခြားရေးဝနကြီးနဲ့ သွားခဲ့တဲ့ ခရီးစဉ် အပါအဝင် ဒီနိုင်ငံကို လေးကြိမ် သွားခဲ့ပါပြီ။ တကြိမ်သွားပြီးတိုင်း၊ သွားပြီးတိုင်း ကျနော်တို့ကြားမှာ ယုံကြည်မှုတည်ဆောက် နိုင်ခဲ့တယ်၊ အဆက်အသွယ်တွေ တည်ဆောက်နိုင် ခဲ့တယ်၊ ဆက်ဆံရေး တည် ဆောက်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ သုံး၊လေး လအတွင်း ဒါမှမဟုတ် ဒီထက်နဲနဲ ပိုတဲ့အချိန်အတွင်းနိုင်ငံခြားရေးဝန်ကြီး နဲ့ ငါးကြိမ်တွေ့နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ကြီးအတွက် မရှိရင်မဖြစ်တဲ့ အစိတ်အပိုင်းတရပ်ပါ။ နိုင်ငံတွင်းမူဝါဒများနဲ့ ဖွံ့ဖြိုးမှုနည်းပါးတာကြောင့် ခုလို ဒီအဖွဲ့ကြီးနဲ့ကြာရှည်ကြာများ ကင်းကွာနေရတာပါ။"

"မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးမှာ အနုတ်လက္ခဏာဆောင်တဲ့ ဘယ်လို သြဇာ သက်ရောက်မှု ပဲဖြစ်ဖြစ် ပေါ်ပေါက်လာစေဖို့ အမေရိကန်မှာ ရည်ရွယ်ချက်မျိုး မရှိပါဘူး။ ဘယ်နိုင်ငံကိုမှ ထိခိုက်ပြီး ဆက်ဆံရေး တည်ဆောက် မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ သူ့အိမ်နီးချင်းနိုင်ငံတွေနဲ့ တင်းမာတဲ့ ဆက်ဆံရေး ရှိနေ တာဟာလည်း အမေရိကန်အတွက် အကျိုး မရှိပါဘူး။ မြန်မာနိုင်ငံ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းနေမှ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ ဒေသတွင်း ကွဲပြားမနေဘဲ ချဉ်းကပ် မှုတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေမှာဖြစ်ပါတယ်။ တူညီတဲ့ ချဉ်းကပ်မှုတွေ ရှိနေမှာ ဖြစ်ပါတယ်။ အနည်းဆုံး တော့ အတူတကွ ဆွေးနွေးညှိနှိုင်းလုပ်ကိုင်နေမှာဖြစ်ပါတယ်။"

"ကျနော်ပြောခဲ့သလိုပါဘဲ၊ တရုတ်နဲ့ မြန်မာနိုင်ငံတွေဟာ ရှည်လျားတဲ့ နယ်နိမိတ်ရှိပြီး ရှည်လျားတဲ့ သမိုင်းကြောင်း လည်း ရှိကြပါတယ်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုကို နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်ပါလို့ ပြောနိုင်တဲ့အခွင့်အလမ်း အမေရိကန်နိုင်ငံမှာ မရှိပါဘူး။ ဒါမျိုး အရင်တုံးကမလုပ်ခဲ့သလို နောက်လည်း လုပ်မှာမဟုတ်ပါဘူး။"

ဒေသတွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ခင်ဗျားတို့ အစိုးရိမ်ဆုံး အချက်ကဘာလဲဗျ။

"အကြီးမားဆုံး စိုးရိမ်စရာက ကျနော်ထင်တာ စိန်ခေါ်မှုကို အဓိပ္ပါယ်ဖွင့်တာပဲ၊ အနှစ်သာရအရ ပြောရရင် မြန်မာ နိုင်ငံရဲ့ လွတ်လပ်ရေးရပြီးခေတ် အမျိုးသားညီညွတ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကိစ္စပဲ ဖြစ်ပါတယ်။ တိုင်းရင်း သား လူနည်းစုတွေ အကြား၊ တိုင်းရင်းသား လူနည်းစုတွေနဲ့ ဗဟိုအစိုးရကြား၊ တိုင်းရင်းသား လူနည်းစုတွေနဲ့ လူများစု မြန်မာလူမျိုးတွေအကြား ကွဲပြားခြားနားမှုတွေကို အဖြေရှာနိုင်ဖို့ တိုင်းပြည်မှာ လုပ်ကိုင်နိုင်စွမ်းရှိဖို့က အရေးကြီးပါတယ်။ အခြေခံအားဖြင့်တော့ တိုင်းပြည်မှာ ပြည်တွင်းစစ် ဖြစ်နေတာပါ။ အနိမ့်ဆုံးအားဖြင့်တော့ လွတ်လပ်ရေး ရပြီးကတည်းက တောက်လျှောက် ပြည်တွင်း ပဋိပက္ခတွေ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ
အကြီးမားဆုံး စိုးရိမ်စရာ အချက်ကြီး ဖြစ်ပြီးတော့ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့၊ ရေရှည်ဖြစ်ထွန်း တိုးတက်ဖို့၊ မုချဖြေရှင်း ရမယ့် အချက်လည်းဖြစ်ပါတယ်။"

"လက်နက်နဲ့ဖြေရှင်းရင် အတုအယောင် တည်ငြိမ်မှုကိုပဲ ရမှာဖြစ်ပါတယ်။ ရေရှည်ခံမှာ မဟုတ်ပါဘူး။ တကယ့် ရေရှည်ခံမယ့် တည်ငြိမ်မှုဆိုတာ ရင်ကြားစေ့ရေး နိုင်ငံရေး လုပ်ငန်းစဉ်နဲ့သာ ရမှာဖြစ်ပါတယ်။ ဆွေးနွေးခြင်း၊ ယုံကြည်ခြင်း၊ တန်းတူညီမျှမှု ရှိခြင်းနဲ့ စိတ်စေတနာကောင်းတွေ နှစ်ဘက်လုံးမှာ ရှိမှဖြစ်မှာပါ။ ခုတော့ နှစ်ပေါင်း များစွာ ရှည်ကြာခဲ့တဲ့ မယုံကြည်နိုင်မှုတွေဟာ စိတ်မကောင်းစရာဘဲ နက်နက်ရှိုင်းရှိုင်း ရှိနေပါတယ်။"

"ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုဟာ အခုမှ တကယ့်ကိုအစပဲ အစပျိုးကာစပဲ ရှိပါသေးတယ်။ ဒါကြောင့်လာမယ့် ရွေးကောက်ပွဲ တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးတာမျိုးလို ဖွင့်ပေးတာလေးတွေ အပြောင်းအလဲ လုပ်တာ လေးတွေကိုပဲ ကျနော်တို့ နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ လွှတ်တော်နဲ့ လွှတ်တော် ဥက္ကဋ္ဌတွေက သူတို့လွှတ်တော်တွေကို ခိုင်ခံ့တဲ့ စနစ်တရပ် အဆောက်အအုံ တရပ်ဖြစ်လာအောင် လုပ်နေတယ် လို့ ပြောနေပါတယ်။ နောင်မှာ အချေအတင် ဆွေးနွေး မှုတွေ၊ မူဝါဒချမှတ်ရာမှာ အစပျိုး လုပ်ဆောင်တာတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဒီစနစ်ဟာ တကယ့်ကို အစပဲရှိပါသေးတယ်။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်မှုမျိုးလဲ သူတို့မှာရှိပါတယ်။"


မြန်မာ အမေရိကန် ဆက်ဆံရေး နှစ်နိုင်ငံအကျိုးတူ ဆက်ဆံရေးကို ခိုင်မာအောင် အမေရိကန်က ဘယ်လိုလုပ်သွားမှာပါလဲ ခင်ဗျ။ မြန်မာခေါင်းဆောင်တွေကို အမေရိကန်ကို ဖိတ်တာမျိုးလုပ်မှာလား။ ဒါမှမဟုတ် ဒေသတွင်း စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်ဖို့ အမေရိကန်က မြန်မာနိုင်ငံကို ဖိတ်ခေါ်မှာ လား။

"ကျနော်တို့မြန်မာသမ္မတကြီးကို အမေရိကန်လာဖို့ မဖိတ်သေးပါဘူး။ နိုင်ငံခြားရေး ဝန်ကြီးကိုတော့ အာရှရေးရာတွေ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါတခြား နိုင်ငံပေါင်းများစွာနဲ့ ကျနော်တို့ လုပ်နေသလိုပဲ ဒေသတွင်း အတွေး အမြင်တွေ ဖလှယ်ဖို့သာ ဖြစ်ပါ တယ်။ ဆွေးနွေးတာ အမြင်တွေရှုထောင့်တွေ ရှာဖွေတာစတဲ့ အလေ့အကျင့်ကောင်း တွေကို ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်။ ကျနော် တို့မှာ နားလည်မှုဆိုတာ အကန့်အသတ်နဲ့သာ ရှိပါတယ်။ ကျနော်တို့ ဘယ်က ဘယ်လိုဆင်းသက်လာတယ် ဆိုတာကို သူတို့သေသေချာချာ သိပါ့မလားလို့ ကျနော်သံသယ ဖြစ်မိပါ တယ်။"

"မြန်မာသမ္မတကို အမေရိကန် ပြည်ထောင်စုကို လာရောက်လည်ပတ်ဖို့ ကျနော်တို့ မဖိတ်ကြားရသေးပါဘူး။ ဒေသတွင်း စစ်ရေး လေ့ကျင့်မှုတွေမှာလည်း ဒီလိုပါပဲ အခု ဘာမှမရှိသေးပါဘူး။ စစ်တပ်ချင်း ဆက်ဆံရေးမှာ ကျနော်တို့အတွက် အကန့်အသတ်တွေ ရှိပါတယ်။ ဒါကြောင့်ခင်ဗျားမေးတဲ့ ဒုတိယအချက်ကလည်း ဘာမှလုပ် ဆောင်နေတာ မရှိသေးပါဘူး။"

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့