Thursday, December 22, 2011

မွန်ပြည်သစ်နှင့် အစိုးရ ထပ်မံဆွေးနွေးမည်

ကွန်းချမ်း
ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ်

ဗဟိုဌာနချုပ်ရှိရာ မွန်ပြည်နယ် ရေးချောင်းဖျားဒေသတွင် ပါတီ ညီလာခံ ကျင်းပနေစဉ် အတွင်း မွန်ပြည်သစ်ပါတီ အနေနှင့် အစိုးရကိုယ်စားလှယ်နှင့် ပဏာမ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်ဖွယ်ရှိကြောင်း ပါတီတွင်း သတင်းရပ်ကွက်များက ပြောသည်။

ယခုရက်ပိုင်းအတွင်း မွန်ပြည်သစ်ပါတီမှ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်အဖွဲ့နှင့် ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းတို့ ထိုင်းနိုင်ငံ တနေရာတွင် တွေ့ဆုံဖွယ်ရှိသည့်အတွက် နိုင်ဟံသာမှာ ညီလာခံသို့ မတက် ရောက်နိုင်သေးကြောင်း အဆိုပါ သတင်းရပ်ကွက်များက ပြောသည်။

“မနက် ခြောက်နာရီကတည်းက သူ (နိုင်ဟံသာ) ဗဟိုကနေ ဆင်းသွားပြီ၊ ညီလာခံဖွင့်ပွဲကို သူမတက်နိုင်သေးဘူး။” ဟု ဗဟို ဌာနချုပ်ရှိ ပါတီဝင်တဦးက ပြောသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ပြည်ထောင်စုအဆင့် ခေါင်းဆောင် ဦးအောင်မင်း ဦးဆောင်သောအဖွဲ့သည် ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ မဲဆောက်တွင် ကရင်အမျိုးသား အစည်းအရုံးမှ ခေါင်းဆောင်များနှင့် အလားတူ ပဏာမ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့အပြီး မွန်ပြည်သစ်နှင့် ဆွေးနွေးရန် ခရီးဆက်သွားခဲ့သည်ဟု သိရသည်။

ဗုဒ္ဓဟူးနေ့မှ စတင် ကျင်းပလျက်ရှိပြီး သီတင်းသုံးပတ်ကြာမြင့်မည့် မွန်ပြည်သစ်၏ အဋ္ဌမအကြိမ် ပါတီညီလာခံသို့ သထုံခရိုင်၊ မော်လမြိုင်ခရိုင်နှင့် ထားဝယ်ခရိုင်မှ ကိုယ်စားလှယ် ၁၂၀ ကျော် တက်ရောက်ကြသည်။

အင်အား ၂,၀၀၀ ကျော် ရှိသည့် မွန်ပြည်သစ်ပါတီတွင် ပါတီဝင်အဖြစ် အသိအမှတ် ပြုခံရသူ ၇၀၀ ခန့် ရှိပြီး၊ ပါတီဝင် ငါးဦးမှ ကိုယ်စားလှယ်တဦးကို လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ကာ ညီလာခံ တက်ခွင့်ပြုသည်။

ညီလာခံ မပြီးဆုံးမီအတွင်း အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးခြင်းသည် ကောင်းသော လုပ်ရပ် တခုအဖြစ် ရှုမြင်ကြောင်း မွန်ပြည်သစ်၏ စစ်ရေးအကြံပေး အငြိမ်းစား ဗိုလ်မှူးကြီး နိုင်ကောင်းရွတ်က ပြောသည်။

“အပစ်အခတ် ရပ်စဲရေးကို အစိုးရ ကိုယ်စားလှယ်နဲ့ ဆွေးနွေးပြီး ညီလာခံမှာ ချပြနိုင်မယ်၊ ကိုယ်စားလှယ်အားလုံးက အကျယ် တဝင့် ဆွေးနွေးနိုင်မယ်ဆိုတော့ အမှားနည်းမယ်။ တရားဝင်လည်း ဖြစ်မယ်။” ဟု သူက ပြောသည်။ ပါတီဝင်များ အနေနှင့် လည်း ပြည်တွင်း ငြိမ်းချမ်းရေးကို လိုလားကြကြောင်း ပြောဆိုကြသည်။

မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တွေ့ဆုံမှု မှတ်တမ်း

စဉ် အစိုးရကိုယ်စားလှယ် ဆွေးနွေးသည့်နေရာ နေ့ရက်
၁ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ဝန်ကြီး ဗိုလ်မှူးကြီးဌေးအောင် ခလရ (၆၁) ရေးမြို့ အောက်တိုဘာ ၆ ရက်
၂ ကျိုက်မရောမြို့နယ် ကော့ပလိုင်ဆရာတော် ဘဒ္ဒန္တကေတုမာလာ မွန်ပြည်သစ် ဗဟိုဌာနချုပ နိုဝင်ဘာလ ၁၃နှင့် ၁၄ ရက်နေ့

ညီလာခံ ကိုယ်စားလှယ်တဦး ဖြစ်သည့် မော်လမြိုင်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရေးမှူး နိုင်မွန်ချမ်းဒိန်းက “ကျနော်တို့ အားလုံးလိုလိုက ငြိမ်းချမ်းရေးကို လိုချင်တယ်။ ဘယ်သူမှ စစ်မတိုက်ချင်ဘူး။ စစ်ပွဲရဲ့ အနိဋ္ဌာရုံကို ကျနော်တို့ မမြင်ချင်တော့ဘူး။ ဒါပေမဲ့ မနေသာလို့ တိုက်ရမယ် ဆိုရင်လည်း အဆင်သင့်ပါပဲ။” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီအနေနှင့် အောက်တိုဘာလ ခြောက်ရက်နေ့တွင် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရေးမြို့ အခြေစိုက် ခလရ (၆၁) စစ်တပ် ဝင်းတွင် တကြိမ်၊ နိုဝင်ဘာလ ၁၃ နှင့် ၁၄ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပလိုင်ကျေးရွာ ဆရာတော် ဘဒ္ဒန္တ ကေတုမာလာ ဦးဆောင် သည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နှင့် ဗဟိုဌာနချုပ်တွင် တကြိမ်တွေ့ဆုံခဲ့သည်။

ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နှင့် တွေ့ဆုံရာတွင် အပစ်အခတ် ရပ်ရန်၊ ဆက်ဆံရေးရုံး ထားရှိရန်၊ သတ်မှတ် နယ်မြေ ပြင်ပသို့ လက်နက်ကိုင်ဆောင် သွားလိုပါက ကြိုတင်သဘောတူညီမှု ရယူရန်နှင့် ဒေသဖွံ့ဖြိုးရေး အတွက် ပြည်ထောင်စု အစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်သွားရန်ဟူသည့် ပြည်နယ်အစိုးရ၏ ကမ်းလှမ်းချက်ကို မွန်ပြည်သစ်က ဗဟိုကော်မတီ အစည်းအဝေးတွင် တင်ပြမည်ဟုသာ အကြောင်းပြန်ခဲ့သည်။

ညီလာခံ မကျင်းပမီ ဒီဇင်ဘာလ ၁၆ ရက်နေ့မှစ၍ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပခဲ့ပြီး၊ ငြိမ်းချမ်းရေး ကိစ္စ ကိုလည်း ဆွေးနွေးခဲ့သေးသည်။ မွန်ပြည်သစ်အနေနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ မူကို ဆုပ်ကိုင်ထားပြီး တပြည်လုံး အတိုင်းအတာဆောင်သည့် အပစ်အခတ် ရပ်စဲရေးကို ပြုလုပ်လို သည်။

ညီလာခံတွင် လျှို့ဝှက်မဲဖြင့် ဗဟိုကော်မတီ ရွေးချယ်ခြင်းနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီရွေးချယ်ခြင်း အပါအဝင် ဌာန ဆိုင်ရာ တာဝန်ပေးအပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခြင်းများ ပြုလုပ်မည် ဖြစ်သည်။

ပထမအကြိမ် ပါတီညီလာခံ စတင်ကျင်းပခဲ့သည့် ၁၉၈၉ ခုနှစ်မှ စ၌ လေးနှစ်တကြိမ် ကျင်းပလာခဲ့သော်လည်း ၁၉၉၅ ခု အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းတွင် သုံးနှစ်တကြိမ် ကျင်းပခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့