Wednesday, December 21, 2011

ဗိုလ်အောင်ကျော်နေ့ ပထမ အကြိမ် ပြန်ကျင်းပ

လင်းသန့်
December 20, 2011

ယနေ့ ကျရောက်သည့် ၇၃ နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ကို နှစ်များစွာအတွင်း ပထမဆုံး အကြိမ်အဖြစ် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ- ၂၀၀၇) ကဦးဆောင်၍ရန်ကုန်မြို့ သမိုင်းဘူတာရုံလမ်း၊ သမိုင်း မြို့မ ပရိယတ္တိ စာသင် တိုက်တွင် ယနေ့ နံနက်က စည်ကားစွာ ကျင်းပသည်။

“ဒီနေ့ မနက် ၈ နာရီကနေ ၁၁ နာရီထိကျင်းပတာပါ။ ခန့်မှန်းခြေ လူ ၁၀၀၀ လောက်လာပါတယ်”ဟု အခမ်းအနား စီစဉ်သူ တဦးဖြစ်သည့် ကိုစိမ်းရာဇာထွန်းက ဧရာဝတီကို ပြောသည်။

ကိုစိမ်းရာဇာထွန်းသည် ၂၀၀၇ ခုနှစ်က ပြန်လည်ဖွဲ့စည်းခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၏ အဖွဲ့ဝင်တဦး ဖြစ်သည်။


အခမ်းအနားသို့ ၁၉၆၂၊ ၇၄၊ ၇၅၊ ၈၈၊ ၉၆ ခုနှစ်များက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်းများ၊ နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်များ အပါအ၀င် စာပေနယ်၊ လူမှုရေးနယ်ပယ်များက တက်ရောက်လာကြကြောင်း သိရသည်။

“အဓိက ဒီပွဲက ကျောင်းသား ခေါင်းဆောင်ဟောင်းကြီးတွေရဲ့သမိုင်းပေးတာဝန်ကို လက်ဆင့်ကမ်း သယ်တဲ့သဘော၊ အခု အကျဉ်းထောင်တွေထဲက ကျောင်းသားခေါင်းဆောင်တွေ လွတ်မြောက်ရေးအတွက် ဆက်ပြီး တိုက်ပွဲဝင်ကြမယ့် အကြောင်းနဲ့ သမဂ္ဂ စိတ်ဓာတ်ကို ပြန်လည်ဖော်ထုတ်တဲ့ပွဲ ဖြစ်တာကြောင့် အရမ်း အားရတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်သူ ကိုဇာနည် က ပြောသည်။

ခေတ်အဆက်ဆက်က အသက်၊ သွေး၊ ချွေး စတေးခဲ့ကြရသူများကို ဂုဏ်ပြုရန်၊ နိုင်ငံအတွက် စွန့်လွှတ် အနစ်နာခံစိတ်များ တိုးပွားလာစေရန်၊ အမျိုးသားနိုင်ငံရေးတွင် ကျောင်းသားလူငယ်များ၏ အခန်းကဏ္ဍနှင့် ဦးဆောင်နိုင်မှု အရည်အသွေး မြင့်မား လာရန်ဟူသည့် ရည်ရွယ်ချက် ၃ ခုဖြင့် ကျင်းပခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အခမ်းအနားသို့ ကဗျာဆရာကြီး ဒဂုန် တာရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင်များဖြစ်သည့် ဦးဝင်းတင်၊ ဦးနိုင်းနိုင်း စသည့်ပုဂ္ဂိုလ်များ၊ ၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဦးလှရွှေ၊ စာရေးဆရာ မောင်ဝံသ၊ စာရေး ဆရာမ ဒေါ်ခင်ဆွေဦး တို့ အပါအ၀င် ကိုညိုထွန်း၊ ကိုမျိုးအောင်ထွေး၊ ကိုမြတ်သူ၊ ကိုစိုးထွန်း စသည့် ၈၈ မျိုးဆက် ကျောင်း သားများ လည်း တက်ရောက်ကြသည်။

“အဘ ဦးလှရွှေက မျိုးဆက်ဆိုတဲ့သဘောထားကို ပြောပြီး ကျောင်းသားသမဂ္ဂဆိုတာ သမိုင်းမှာ ဖိနှိပ်မှုရှိနေသော်လည်း အမြဲ ရှင်သန်နေတာကို ပြောသွားပါတယ်”ဟု ကိုစိမ်းရာဇာထွန်း က ဆိုသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် နယ်ချဲ့ဗြီတိသျှ ကိုလိုနီစနစ်ကို ဆန့်ကျင်ခဲ့သည့် ကျောင်းသားအာဇာနည် ကိုအောင်ကျော်သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ၂၀ ရက် နေ့တွင် မြင်းစီး ပုလိပ်များ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။ ထိုနေ့ကို ကျောင်းသားနေ့ဟု ဂုဏ်ပြုခြင်းဖြစ်သည်။ ဗိုလ်အောင်ကျော်ကို နေမျိုးသီဟသူရ ဘွဲ့ပေးအပ်နှင်း၍ အမျိုးသားအာဇာနည် အဖြစ်လည်း ဂုဏ်ပြုခဲ့သည်။

“ကျောင်းသား သမဂ္ဂ သမိုင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစက ၁၇ ကြိမ်မြောက် ကျင်းပခဲ့တာ မှတ်တမ်းတွေမှာ တွေ့ရ တယ်။ နှစ်ပေါင်းများစွာ မကျင်းပနိုင်ခဲ့ဘဲ အခုမှ ဒါ ပထမဆုံး ပြန်ကျင်းပနိုင်တာပါ” ဟု ကိုစိမ်းရာဇာထွန်းက ပြောသည်။

ယခုအခမ်းအနားမှ တဆင့် ကျောင်းသားမျိုးဆက်များအနေဖြင့် လက်ရှိတိုင်းရင်းသားဒေသများတွင် စစ်မီးများ ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးသည် မဖြစ်မနေ အရေးတကြီးလိုအပ်ချက်ဖြစ်သည့်အတွက် တိုင်းရင်း သား ညီအစ်ကိုများနှင့် လက်တွဲဆောင်ရွက် သွားကြမည်ဟုလည်း သူက ဆိုသည်။

ကိုဇာနည်ကလည်း ဗိုလ်အောင်ကျော်နေ့ ခေါ် ကျောင်းသားနေ့ကို လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးတို့အတွက် ဦးထိပ်ပန်ဆင်ပြီး ကျင်းပသင့်သည်မှာ ကြာပြီဖြစ်ကြောင်း ပြောဆိုသည်။

“ခွပ်ဒေါင်းအလံကြီး တလွင့်လွင့်နဲ့ ကျောင်းသားလူငယ်တွေအားလုံးက သမဂ္ဂသီချင်းကို သံပြိုင်ဆိုတာက ကျနော့် အနေနဲ့ အင်မတန် မှ ကြေကွဲဝမ်းနည်းသလို ကြက်သီးဖြန်းဖြန်းထတယ်၊ မမြင်တွေ့ရတာ ကြာပြီဖြစ်တဲ့ မြင်ကွင်မျိုးပါ၊ အကျဉ်းထောင် ထဲက နောင်တော် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့နဲ့ ဒီလိုမျိုး စုစုစည်းစည်း မြင်ချင်ပါတယ်ဗျာ”ဟု သူက ဆိုသည်။

ယနေ့ အခမ်းအနားကို အာဏာပိုင်များက ဖိအားပေး နှေင့်ယှက်မှုများ မရှိခဲ့ကြောင်း၊ အရပ်ဝတ် ရဲသတင်းတပ်ဖွဲ့ဝင်တချို့ သတင်း မှတ်တမ်း ယူမှုသာ ရှိကြောင်း သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့