Tuesday, December 20, 2011

ထိုင်းဝန်ကြီးချုပ် ရဲ့ မြန်မာပြည်ခရီး လေ့လာသူတွေ သံသယရှိ

2011-12-19

ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာရဲ့ မြန်မာပြည် ခရီးစဉ်မှာ စီးပွားရေး မသမာမှုတွေ ပေါ်ပေါက်နိုင်တာကြောင့် အနီးကပ် စောင့်ကြည့်ကြဖို့ ပညာရှင်တွေနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ထိုင်းလူထုကို တိုက်တွန်းလိုက် ပါတယ်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရဲ့ အစ်ကို ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က နီပေါ နိုင်ငံ ကို အသွား၊ မြန်မာပြည်ကို ၀င်ရောက်ခဲ့တာကြောင့် ဝေဖန်သူတွေ စိုးရိမ်မကင်း ဖြစ်နေကြကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြ ပါတယ်။


သက်ဆင် မြန်မာပြည်ကို သွားတာဟာ သူ့ရဲ့ ဖွေထိုင်းပါတီ ဦးဆောင်တဲ့ ထိုင်းအစိုးရ အနေနဲ့ မြန်မာ အစိုးရနဲ့ အတူ ပူးပေါင်း ဆောင်ရွက်ရာမှာ အဆင်ပြေအောင်၊ နှမဖြစ်သူ ယင်လပ်ရဲ့ မြန်မာပြည် ခရီးစဉ် ချောမွေ့အောင် ဖြစ်တယ်လို့ ဖွေထိုင်း ပါတီက လွှတ်တော် အမတ် တစ်ဦးကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ရေးသားပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်လပ်ဟာ နေပြည်တော်မှာ ကျင်းပမယ့် စတုတ္ထမြောက် မဲခေါင်မြစ်အောက်ပိုင်း နိုင်ငံများ ဆွေးနွေးပွဲကို တက်ရောက်ဖို့ မြန်မာပြည်ကို ဒီကနေ့ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ် အတွင်း ထိုင်း အစိုးရ အဖွဲ့ဟာ မြန်မာ အစိုးရနဲ့ သီးခြား တွေ့ဆုံပြီး လမ်းပန်း ဆက်သွယ်ရေး နဲ့ စွမ်းအင်ကိစ္စ၊ မြန်မာ့ သဘာဝ ဓါတ်ငွေ့ ၀ယ်ယူရေး နဲ့ ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ချူလာလောင်ကွန် တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာန ကထိက ပါနီတန် ကတော့ ယင်လပ် အစိုးရရဲ့ မြန်မာပြည် ဆိုင်ရာ စီမံကိန်း တွေ ကနေ ရရှိလာမယ့် အကျိုးအမြတ်တွေကို ပြည်သူတွေ မခံစားရဘဲ၊ သက်ဆင်ရဲ့ စီးပွားရေး အပေါင်းပါတွေ ကသာလက်ဝါး ကြီးအုပ် ရယူသွားမှာကို စိုးရိမ်ကြောင်း ပြောဆိုပါတယ်။ သက်ဆင် ၀န်ကြီးချုပ် ဖြစ်ခဲ့စဉ် ၂၀၀၁ နဲ့ ၂၀၀၄ ခုနှစ်တွေ တုန်းက လည်း လမ်းပန်း ဆက်သွယ်ရေး၊ စွမ်းအင်နဲ့ သတင်း ဆက်သွယ်ရေး လုပ်ငန်းတွေ ကနေ အကျိုးအမြတ်တွေ ဖန်တီးခဲ့ကြောင်း၊ သူပိုင်ဆိုင်တဲ့ ဆက်သွယ်ရေး ကုမ္ပဏီက ပစ္စည်း တွေကို မြန်မာ စစ်အစိုးရ ၀ယ်ယူနိုင်အောင် ထိုင်း ဘတ်ငွေ သန်းပေါင်း တစ် ထောင် ချေးငှားဖို့ ထိုင်း သွင်းကုန် ထုတ်ကုန်ဘဏ် ကို အမိန့်ထုတ်ခဲ့ကြောင်း ကထိက ပါနီတန်က ပြောပါတယ်။

ဒါ့ပြင် လူ့အခွင့်အရေး အဖွဲ့တွေ ကလည်း မြန်မာ ကနေ ထိုင်း ကို ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်း ဖေါက်လုပ်ရာမှာ လူ့အခွင့် အရေး ချိုးဖေါက်မှုတွေ ပေါ်ပေါက်လာနိုင်တာမို့ အထူး စောင့်ကြည့်ဖို့ လိုအပ်ကြောင်း တိုက်တွန်း လိုက်ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့