Monday, December 19, 2011

အင်္ဂလန်မှာဆက်ရှိဖို့ မသေချာတော့တဲ့ မန်စီးတီးတိုက်စစ်မှူး တီးဗက်ဇ်

ချမ်းအေး
December 18, 2011

မန်ချက်စတာစီးတီးဟာ အသင်းနဲ့ ပြဿနာ ရှိနေတဲ့ အာဂျင်တီးနား တိုက်စစ်မှူး ကားလို့စ်တီးဗက်ဇ်ကို ပရီးမီးယားလိဂ် ပြိုင် ဘက် အသင်းများထံ ရောင်းချသွားမှာ မဟုတ်ဘူး ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ အသက် (၂၇) နှစ်ရှိပြီဖြစ်တဲ့ တီးဗက်ဇ် ကို တော့တင်ဟမ် အသင်းက အစောပိုင်းမှာ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလကျရင် တော့ အေစီမီလန် အသင်းကိုသာ ရွှေ့သွားဖို့ ဖြစ်နိုင်ချေ များနေပါပြီ။

အေစီမီလန်က တီးဗက်ဇ်ကို အငှားခေါ်ယူဖို့ မကြာခင်က ကမ်းလှမ်းခဲ့ပေမယ့် မန်စီးတီးက ငြင်းခဲ့ပါတယ်။ မန်စီးတီး အနေနဲ့ တီးဗက်ဇ်ကို အပြီးသတ် ရောင်းချသွားဖို့သာ ဆန္ဒရှိနေတာပါ။


ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ တီးဗက်ဇ်ရဲ့ အပြောင်း အရွှေ့ ကိစ္စ အတွက် မန်စီးတီးနဲ့ သဘောတူညီမှုရဖို့ မျှော်လင့်နေဆဲဖြစ်ကြောင်း အေစီမီလန် ဒု-ဥက္ကဋ္ဌ အက်ဒရီယာနို ဂါလီယာနီက ထုတ်ပြောခဲ့ပါတယ်။

“တီးဗက်ဇ်ဟာ ကျနော်တို့အတွက် ပထမ ပစ်မှတ်ပါ။ ခုလောလောဆယ်တော့ တီးဗက်ဇ်နဲ့ ကျနော်တို့ သဘောတူထားပါပြီ။ ဒါပေမယ့် ဒီကြားထဲမှာ တခြားကလပ် အသင်းတွေနဲ့ သူ သဘောတူညီမှု ရမသွားစေဖို့ မျှော်လင့်ပါတယ်။ ပြောင်းရွှေ့မှု အပြီး သတ်ဖို့ကတော့ ဇန်နဝါရီ (၃၁) ည (၆) နာရီ (၅၉) မိနစ်အထိ အချိန် ရပါသေးတယ်” လို့ သူက ပြောပါတယ်။

ပြင်သစ်ကလပ် PSG ကလည်း တီးဗက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အစောပိုင်းက သတင်းတွေ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး ဂါလီယာနီက “ကျနော်တို့ တီးဗက်ဇ် အတွက် အပြီးသတ် ကမ်းလှမ်းထားပြီးပါပြီ။ PSG အသင်းက ကျနော်တို့ ထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှုမျိုး ရှိရင်တောင် ကျနော်တို့ တုံ့ပြန်သွားမှာ မဟုတ်ပါဘူး” လို့ Milan News ကို ပြောလိုက်ပါ တယ်။

စက်တင်ဘာ (၂၁) ကားလင်းဖလားမှာ ဘာမင်ဟမ်အသင်းနဲ့ ပွဲပြီးကတည်းက မန်စီးတီးအသင်းမှာ တီးဗက်ဇ် ကစားခွင့် မရ တော့တာ အခုချိန်ထိ ဖြစ်ပါတယ်။ စက်တင်ဘာလတုန်းက ဘေယန်မြူးနစ် အသင်းကို အရေးနိမ့်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစားဝင်ဖို့ တီးဗက်ဇ် ငြင်းခဲ့တယ်လို့ မန်စီးတီး နည်းပြ မန်ချီနီက စွပ်စွဲထားပါတယ်။ တီးဗက်ဇ်ကတော့ နားလည်မှု လွဲတာပါ လို့ ရှင်းချက်ထုတ်ပါတယ်။ အဲဒီအချိန်ကစပြီး ပြဿနာ ပိုကြီးလာတာပါ။

မကြာသေးခင်က မန်စီးတီးကလပ်အတွင်း စုံစမ်းစစ်ဆေးမှုတွေအရ တီးဗက်ဇ်ဟာ စာချုပ်ပါ အချက် (၅) ချက် ဖောက်ဖျက် ခဲ့ကြောင်း တွေ့ရှိရတဲ့အတွက် ရက်သတ္တပတ် (၄) ပတ်စာ လုပ်ခဖြတ်တဲ့ ပြစ်ဒဏ် ပေးခံရပါတယ်။ နောက်ပိုင်းမှာတော့ ပရို ဘောလုံးသမားများအစည်းအရုံး (Professional Footballers’ Association) က ကြားဝင်ညှိနှိုင်းပေးလို့ ရက် သတ္တပတ် (၂) ပတ်စာအထိ ပြစ်ဒဏ် လျှော့ပေးခဲ့ပါတယ်။

ဒီနှစ်ကုန်ပိုင်း တီးဗက်ဇ်ရဲ့ လှုပ်လှုပ်ရှားရှား ဖြစ်ရပ်များ

စက်တင်ဘာ ၂၇ – ဘေယန်မြူးနစ်ကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစား ဝင်ဖို့ ငြင်းတဲ့ တီးဗက်ဇ်ကို နည်းပြ မန်ချီနီ က အသင်းမှ ထွက်ရန်ပြော။

စက်တင်ဘာ ၂၈ – မန်စီးတီးက တီးဗက်ဇ်အား (၂) ပတ် ကစားခွင့်ပိတ်။

အောက်တိုဘာ ၁၂ – စည်းကမ်း ထိန်းသိမ်းရေးအတွက် စုံးစမ်း စစ်ဆေးသွားမည်ဟု မန်စီးတီး သတင်းထုတ်ပြန်။

အောက်တိုဘာ ၂၅ - စာချုပ်ပါ အချက် (၅) ချက် တီးဗက်ဇ် ဖောက်ဖျက်ခဲ့ကြောင်း တွေ့ရှိ။ ရက်သတ္တပတ် (၄) ပတ်စာ လုပ်ခ ဖြတ်ခံရ။ ပရို ဘောလုံးသမားများ အစည်းအရုံး (Professional Footballers’ Association) က ကြားဝင် ညှိနှိုင်းပြီးနောက် ရက်သတ္တပတ် (၂) ပတ်စာ အထိ လျှော့ပေါ့။

နိုဝင်ဘာ ၈ – အပြစ်ပေးမှုကို တီးဗက်ဇ် လက်ခံ။

နိုဝင်ဘာ ၉ – တီးဗက်ဇ် လေ့ကျင့်ခန်း မဆင်း။

နိုဝင်ဘာ ၂၄ – တီးဗက်ဇ်နှင့် ညှိနှိုင်းနေကြောင်း အေစီမီလန်ပြော။

ဒီဇင်ဘာ ၆ – အေစီမီလန်၏ တရားဝင် ကမ်းလှမ်းမှုကို မန်စီးတီး ငြင်းပယ်။

ဒီဇင်ဘာ ၁၁ – တီးဗက်ဇ်အား ပြင်သစ်ကလပ် PSG ခေါ်ယူရန် နီးစပ်ပြီဆိုသည့် သတင်းများ မဟုတ်မှန်ကြောင်း မန်စီးတီး အသင်းပြော။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့