Friday, December 23, 2011

နိုင်ငံရေးအကျဉ်းသား ထပ်လွှတ်မည်

ပြည်တော်မြင့်
December 22, 2011

မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို လာမည့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့မှစတင်၍ နှစ်ကြိမ်ခွဲ လွှတ်ပေးမည်ဟု အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။

ဦးအောင်မင်းသည် အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။

ယမန်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် နှစ်ဘက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ လာရောက်ဆွေးနွေးစဉ် ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။


ဆွေးနွေးပွဲတက်ရောက်သူ KNU ကိုယ်စားလှယ်တဦးက“၀န်ကြီး ဦးအောင်မင်းပြောတာက နိုင်ငံရေးအကျဉ်းသားတွေကို လာမယ့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့မှာတကြိမ် ၁၂ ရက်နေ့မှာတကြိမ် ၂ ကြိမ်ခွဲပြီး အားလုံးနီးပါးကို အစိုးရက လွှတ်ပေး ဖို့ ရှိတယ် လို့ ကျနော်တို့ကို အလွတ်သဘောပြောခဲ့ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆွေးနွေးပွဲတွင်ပါရှိသည့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုဒေးဗစ်ထော ကလည်း အလွတ်ဆွေး နွေးပြောဆိုကြရာတွင် နိုင်ငံရေးအကျဉ်းသား လွှတ်မည့်ကိစ္စများအပြင် ပဒိုမန်းငြိမ်းမောင် အပါအ၀င် အဖမ်းခံထားရသည့် အဖွဲ့ ၀င်များနှင့် ပတ်သက်သည့် ကိစ္စရပ်များလည်းပါရှိသည်ဟု ပြောကြားသည်။

KNU ခေါင်းဆောင်တဦးကလည်း“ဒီကိစ္စကိုကျနော်တို့ဘက်က ဆွေးနွေးတောင်းဆိုမှု မရှိပါဘူး၊ ဦးအောင်မင်းပြောတာက ပဒိုမန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးရင် KNU အတွက်အကျိုးဖြစ်မှာလားဆိုပြီးတော့မေးပါတယ်၊ ကျနော်တို့ဘက်ကပြန်ပြော တာက သူ့ကိုလွတ်ပေးရင်တော့ လက်ရှိနှစ်ဘက်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေကို အထောက်အကူဖြစ်စေ မှာဖြစ်ပြီး ပဒိုမန်းငြိမ်းမောင်အပါအ၀င် အခြားအဖမ်းခံထားရတဲ့ KNU အဖွဲ့ဝင်တွေကိုလည်း လွတ်စေချင်တယ်လို့ ကျနော်တို့ဘက် က သဘောထားပြန်ပေးခဲ့ပါတယ်”ဟု ပြောသည်။

မန်းငြိမ်းမောင်သည် ဇူလိုင်လ ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှတဆင့် မြန်မာ နိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် မကြာသေးခင်က ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသည်။

ယနေ့ရက်စွဲဖြင့် ထွက်ရှိလာသည့် ပြည်တွင်း အပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ပြည်သူ့လွတ်တော် ဥက္ကဌ ဦးရွှေမန်း က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ လွတ်မြောက်ရန် ပိုနီးကပ်လာပြီဖြစ်သည်ဟု ရန်ကုန်တွင် ပြုလုပ်သည့် ပြည့်သူ့ လွတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်(ရန်ကုန်-ရုံးခွဲ) ဖွင့်ပွဲ အခမ်း အနား တွင် ပြောကြားသွားသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းသား ၆၃၅၉ ဦး ကို လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား၂၀၀ ခန့် ပါဝင်သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ နောက်ဆုံးရ စာရင်းများအရ မြန်မာ နိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၅၄၆ ဦးရှိပြီး မြန်မာအစိုးရ၏ စာရင်းတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသား ၂၀၀ ကျော်သာရှိသည်ဟု သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့