Tuesday, August 28, 2012

ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ပြဿနာ ညှိနှိုင်းအဖြေရှာဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

2012-08-27

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနဲ့ ပတ်သက်ပြီး ညှိညှိနှိုင်းနှိုင်း တိုင်တိုင် ပင်ပင် ဆွေးနွေး အဖြေရှာကြဖို့ ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး အငြင်းပွားတာတွေ၊ သဘော မတူညီတာတွေ၊ ပြဿနာတွေ တက်တာဟာ မထူးဆန်းကြောင်း၊ စိတ်ပျက် ကြောက်ရွံ့စရာလည်း မရှိကြောင်း၊ အရေး ကြီးတာက အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာဖြစ်ကြောင်း၊ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ဒီမိုကရေစီ စံနှုန်း စံထား တွေနဲ့ ကိုက်ညီပါရဲ့လား။ တကယ့်ကို ပြည်သူ ပြည်သားတွေရဲ့ အေးချမ်း သာယာရေးကို ဦးတည်ရဲ့လား ဆိုတာကို စဉ်းစားပြီး တော့ ဖြေရှင်းရမှာ ဖြစ်ကြောင်း စသဖြင့် ပြောကြားပါတယ်။

ဒါ့အပြင် ပြဿနာ ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်ကန်မှုရှိရင် နိုင်ငံရဲ့သိက္ခာလည်း တက်လာမှာ ဖြစ်တဲ့အပြင် ပြည်သူတွေကလည်း ဒီဖြေရှင်းပုံ ဖြေရှင်းနည်းရဲ့ ရလဒ်ကို တလေးတစားနဲ့ လက်ခံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ သူက အဓိက အရေးကြီးတာကတော့ ပြည်သူတွေဖြစ်တယ်။ ပြည်သူတွေ အတွက်ဖြစ်တဲ့ ပြည်ထောင်စုလွှတ် တော်ဟာ ပြည်သူတွေရဲ့ လေးစားမှုကို ရရှိနိုင်မှ ပြည်ထောင်စု လွှတ်တော်ဆိုတဲ့ ဂုဏ်နဲ့ကိုက်ညီမှာ ဖြစ်ပါတယ်။

ဒါကြောင့် အခု မိမိတို့အတွင်း ပြဿနာရှိနေတာ မှန်ပေမယ့် ဒီပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အားလုံးဟာ သဘောထားကြီး ကြီး၊ အမြော်အမြင်ရှိရှိနဲ့ ဖြေရှင်းဖို့ကို ဦးတည်ကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့