Wednesday, August 29, 2012

ရေဘေးသင့်ဒေသများတွင် စိုက်ပျိုးခြင်းကို အလျင်စလိုမပြုလုပ်ရန် ပဲခူးတိုင်းမှတောင်သူများအား သမ္မတကြီးက အကြံပြုတိုက်တွန်း

ထွန်းနေအောင်(မြစ်မခ)
29 Aug, 2012

ရေကြီးသည့်တိုင်းဒေသကြီးများတွင် လယ်ယာမြေစိုက်ပျိုးခြင်းကိစ္စရပ်များအား အလျင်စလိုမပြုလုပ်ကြရန် ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးမှုများအားပြုလုပ်ကြရန် နိုင်ငံတော်သမ္မတကြီးက ပဲခူးတိုင်းရေဘေးခရီးစဉ်သို့သွားရောက်ခဲ့စဉ်က တောင်သူများအား အကြံ ပြုတိုက်တွန်းပြောခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယခုနှစ်စပါးပြန်လည်စိုက်ပျိုးနိုင်ရန်မှာ ရေဘေးသင့်ခဲ့သောကြောင့် လယ်ယာမြေများပျက်စီးခဲ့ပြီး မြစ်ချောင်းနှင့် နီးသည့် နေရာများ တွင်သာ ပြန်လည်စိုက်ပျိုးအောင်မြင်နိုင်လိမ့်မည်ဟု ပညာရှင်များကလည်းသုံးသပ် အကြုံပြုလျှက်ရှိသည်။

“စပါးသက်တမ်းအနေအထားဖြင့်ဆိုလျှင် စိုက်ပျိုးရန်မမီနိုင်တော့ဘူး၊ လယ်လည်းပျက်စီးကုန်တော့ ပဲစိုက်ဖို့ပဲ အဆင်ပြေ လိမ့်မယ် လို့ ပညာရှင်တွေကလည်းပြောကြတယ်။ သမ္မတကြီးကတော့ လယ်သမားတွေအတွက် မျိုးစပါးတွေပေါ့ ထပ်ပြီးတော့ပေးသွား တယ်။ ပြန်စိုက်နိုင်ဖို့မျိုးစပါးတွေဝေပေးသွားတယ်။ လုံလောက်တဲ့အဆင့်မျိုးတော့ မရှိသေးဘူး။ လုံလောက်အောင်ပေး ဖို့ဆိုရင် လည်း စိုက်ဖို့ကအခက်ခဲရှိသေးတယ်။ မိုးစပါးရသွားရင်စိုက်နိုင်တဲ့အနေအထားမှာစိုက်။ မဖြစ်န်ုင်တာကိုတော့ မလုပ်ဖို့ပြော သွား တယ် ’’ဟုသမ္မတ၏မှာကြားချက်အား အုန်းနှဲကျေးရွာမှဦးဋ္ဌေးအောင်၏ ပြန်လည်ပြောပြချက်အရ သိရှိရသည်။

နိုင်ငံတော်သမ္မကြီးအနေဖြင့် ပဲခူးတိုင်းမှဒုက္ခသည်ပြည်သူများ၊လယ်သမားများ၊ ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ် သည်။

နိုင်ငံတော်သမ္မတကြီးမှာ ပဲခူးတိုင်းသို့ သြဂုတ်လ(၂၅)ရက်နေ့ကသွားရောက်ခဲ့ပြီးမျိုးစပါးတင်းပေါင်း(၈ဝ၉၅၈) တင်း အတွက် ထောက် ပံ့ငွေကျပ်(၄ဝ၄၇ .၉)သိန်းအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်ထံလှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ပဲခူတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်းရှိ အုန်းနှဲရွာတွင်မြစ်ရေကြီးမှုကြောင့် စပါးစိုက်ခင်းပျက်စီးမှုများပြားလျှက် ရှိပြီးလယ်ပိုင်ရှင်၊ စပါးစိုက်တောင်သူနှင့် ဆန်စက်ပိုင်ရှင်များအဆင်မပြေမှုများ ဖြစ်ပွားလျှက်ရှိကြောင်းသိရှိရသည်။

''(၂၃၈) ဧကရှိတယ်။(၂၃၈)ဧကမှာ (၂၁၈) ဧကစိုက်နိုင်တယ်။ ဒီနှစ်ကြဲခင်းကို အဓိကထားပြီးတော့ ကြဲတယ်။ ဧပြီလကုန် မေလဆန်းမှာ မိုးမရွာခင်ပေါ့အခြောက်ကြဲတဲ့စနစ်ကိုသုံးတယ်။ ဒါကောင်းခဲ့သော်လည်း ဇူလိုင်လကုန် (၂၇)လောက်ကစပြီး ရေတ အားမြင့်တက်လာတဲ့အခါမှာ စပါးစိုက်ခင်း(၇၅)ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်။''ဟု အုန်းနှဲကျေးရွာမှစပါးစိုက်ဧက (၂၃၈) ဧက ပိုင်ဆိုင်သောလယ်ရှင် ဦးဋ္ဌေးအောင်ကပြောသည်။

စပါးပင်များမှာ ပုံမှန်အားဖြင့် ရေမြင့်တက်မှု တစ်ရက်လျှင်(၂)လက်မအထိသာ လက်ခံနိုင်ပြီး ယခုနှစ်ရေကြီးမှုတွင် တစ်ရက် လျှင်(၄)လက်မ၊(၅)လက်မနှင့်(၈)လက်မထိမြင့်တက်လာခြင်းကြောင့်စပါးပင်များခံနိုင်ရည်မရှိပဲ ယခုကဲ့သို့ ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။

''သြဂုတ်(၁၉)(၂ဝ)လောက်ထိကို ပျက်စီးမှု ဧက(၅ဝ)လောက်ထိပဲရှိသေးတယ်။ အဲဒီနောက်ပိုင်း ထက်တက် သွားတဲ့အနေ ထားမှာ(၇၅)ရာခိုင်နှုန်းလောက်ထိကို ပျက်စီးသွားတယ်။'' ဟု၎င်းက ဆက်ပြောသည်။

တောင်သူလယ်သမားများအနေဖြင့် ရေမြေအနေထားကို မိမိထက်ပိုမိုသိသည့်အလျောက်စိုက်ပျိုးရန် ဖြစ်ထွန်းနိုင်သည့် သီးနှံများကို သိရှိနိုင်သောကြောင့်အခြားသီးနှံများအား စိုက်ပျိုးကြရန် အခြားဝင်ငွေရရှိနိုင်ရန် ကြက်၊ ဘဲ၊ဝက် မွေးမြူရေးလုပ်များ ပြုလုပ်ရန်ကို လည်း မှာကြားခဲ့သေးသည်။

ထို့ပြင် ရေဘေးသင့်ဒေသများတွင် သီးနှံများပြန်လည်စိုက်ပျိုးသည့်အခါတွင်အဆင်ပြေမှုရှိစေရန် မျိုးစပါးထုတ် ပေးခြင်းဖြစ်ကြောင်း သီးသန့်အနေဖြင့် အခြားသီးနှံများကိုလည်း စိုက်ပျိုးသင့်ကြောင်းတိုက်တွန်း ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့