Wednesday, August 29, 2012

ညလုံးပေါက်ဖွင့်လှစ်သော တီဗွီဂိမ်းဆိုင်များရှိလာ၍ စည်းကမ်းသတ်မှတ်ချက်ထားစေလို

ထက်အောင်ခန့် (မြစ်မခ)
28 Aug, 2012

ရန်ကုန်တိုင်းဒေသကြီးတွင် ညလုံးပေါက်ဖွင့်လှစ်သည့် ဂိမ်းဆိုင်များရှိလာသည့်အတွက် စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်၍ လိုင်စင် ပြုလုပ်ဆောင်ရွက်ပြီးမှ ဖွင့်စေလိုကြောင်း မိဘများထံက စုံစမ်း သိရှိရသည်။

ဂိမ်းဆော့ကစားခြင်းဖြင့် အချိန်ကုန်နေကြသည့် လူငယ်များအား ပညာရေးနှင့်ကျန်းမာရေး ထိခိုက်မည်စိုးရိမ်သဖြင့် ဂိမ်းဆိုင်များ အား သတ်မှတ်ချက်ဖြင့် မိဘများက ဖွင့်စေလိုခြင်းဖြစ်သည်။

ဂိမ်းဆော့သူများထဲတွင် ကျောင်းသားဦးရေမှာ အများဆုံးဖြစ်ပြီး၊ အထက်တန်းကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများမှာ အများဆုံးလာရောက် ဆော့ကစားလျက်ရှိကြောင်း သိရှိရသည်။

''ဂိမ်းဆိုင်တွေကို ပိတ်ဖို့ဆိုလိုတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာတွေအနေနဲ့စည်းမျဉ်းတွေ၊ စည်းကမ်း တွေကို သတ်သတ်မှတ်မှတ် ထားရှိစေချင်တယ်၊ပြီးတော့ဆိုင်ဖွင့်ခွင့်လိုင်စင်တွေပြုလုပ်ပေးပြီးသတ်မှတ် ချက်နဲ့ ကိုက်ညီတဲ့ဆိုင်တွေကိုပဲ ဖွင့်ခိုင်းစေချင်တယ်''ဟု မြောက်ဥက္ကလာပမြို့နယ်မှ ဆယ်တန်း ကျောင်းသားမိဘတစ်ဦးက သုံးသပ်ပြောကြားသည်။

ဂိမ်းဆိုင်များသည် မိဘများမှ ကိုယ့်သားသမီးများကို သွားရောက်ရှာဖွေသည့်အခါတွင်လည်း မိဘများ မသိအောင် ဖွက်ထားပေး လေ့ရှိကြောင်းကိုလည်း သိရသည်။

''ကျွန်တော်အဲ့ဂိမ်းဆိုင်ကိုသွားရှာတော့ ကျွန်တော့်ကိုမြင်တာနဲ့ ကလေးကပျောက်သွားတယ်။ ဆိုင်ရှင်ကိုမေးတော့ ကလေးမလာ ဘူးလို့ ပြောတယ်။ ကျွန်တော်နောက် တစ်ခေါက်သွားချောင်း တော့မှ ကလေးကိုတွေ့တယ်'' ဟု ကျောင်းသားမိဘတစ်ဦးက ကိုယ်တွေ့ဖြစ်ရပ်အား ရှင်းပြသည်။

ကလေးများသည် ဂိမ်းဆော့နေသည့်အခါတွင် ဘာကိုမှအာရုံမထားတော့ပဲ ဂိမ်းထဲတွင်သာ အာရုံစူး စိုက်လျက်ရှိပြီး၊ ဂိမ်းဆိုင် များအနေဖြင့်လည်း ဝန်ဆောင်မှုများအနေဖြင့် ဂိမ်းဆော့ကစားနေသည့်သူ များအား အအေးကော်ဖီနှင့် မုန့်ရောင်းချခြင်းများ၊ ထမင်း/ဟင်းရောင်းချခြင်းစသည့် ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း ထပ်မံသိရှိရသည်။

''ကျွန်တော်တို့ကလည်း လာဆော့ကစားတဲ့သူတွေကို မောင်းထုတ်ပိုင်ခွင့်မရှိပါဘူး။ တတ်နိုင်သမျှ တော့ လာဆော့ကစားတဲ့သူ တွေကို ထိန်းသိမ်းပါတယ်။ မဖြစ်သင့်တာတွေဖြစ်သွားရင်လည်း မကောင်းဘူးလေ'' ဟု ဂိမ်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြား သည်။

ဂိမ်းဆိုင်များအနေဖြင့် ယခင်က ''ကျောင်းသားများဆော့ကစားခြင်းခွင့်မပြု'' ဟု ဆိုင်းဘုတ်များ ချိတ်ဆွဲထားသော်လည်း ယခု အခါတွင်ထိုဆိုင်းဘုတ်များအား ချိတ်ဆွဲထားခြင်းမျိုး မရှိတော့ပေ။


Ref: မြစ်မခ

0 comments:

အပေါ်သို့