Tuesday, August 28, 2012

ကုမ္ပဏီက ကျူးကျော်သည်ဟုဆိုကာ နောက်ဆုံးကျန် ယာပိုင်ရှင်က သမ္မတထံ တိုင်စာပို့

ကောင်းမြတ်ဖြိုး ( မြစ်မခ )
28 Aug, 2012

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သပိတ်ကျင်းမြို့နယ်တွင် လယ်ယာမြေ(၇)ဧကတွင် ကုမ္ပဏီတစ်ခုမှ ကျူးကျော်ဝင်ရောက် လုပ်ကိုင်လျှက်ရှိသည်ဟုဆိုကာ အဆိုပါယာပိုင်ရှင်က သမ္မတထံတိုင်စာတင်ထားကြောင်း သိရှိရသည်။

အဆိုပါဖြစ်ရပ်မှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ချောင်းကြီးကျေးရွာ၊ ငတန့်အိုင်ရပ်ကွက် တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"သူတို့ ကျွန်တော်စိုက်ထားတဲ့မြေကွက်ထဲကို လွန်ခဲ့တဲ့သုံးလေးရက်လောက်က ကျူးကျော်ဝင်ရောက်ပြီးတော့ အဆောက်အဦး တွေဆောက်တယ်၊အခင်းတွေကို ဖျက်ဆီးသွားတယ်" ဟုယာမြေပိုင်ရှင် ဦးကျော်မန်းက ပြောသည်။

အဆိုပါယာရှင်မှာ ထိုမြေကွက်တွင် နှမ်းများစိုက်ပျိုးထားလျှက်ရှိပြီး အခွန်ပုံမှန်ဆောင်နေရာမှလွန်ခဲ့သော နှစ်နှစ်ကမူ အခွန် မဆောင်တော့ကြောင်း ယာပိုင်ရှင်ကဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ရွှေစံသိန်းထိုက်ကမ္ဘာကုမ္ပဏီမှ ကုမ္ပဏီက ကျူးကျော်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဆိုပါမြေ ကွက် များကိုလည်း အစိုးရ၏တရားဝင်ခွင့်ပြုချက်အရ သတ္တုတွင်း ဝန်ကြီးဌာနနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားထားသည်။

"ကျွန်တော်တို့က အသေးစားရွှေလုပ်ကွက်ဧက(၂ဝ)စာရတာပါ၊ သတ္တုတွင်းဝန်ကြီးဌာနနဲ့အကျိုးတူ ဆောင်ရွက်တာပါ၊ ယာမြေကို လည်း လုပ်တာမဟုတ်ပါဘူး၊ အဲ့ဒါက သစ်တောမြေပါ" ဟုအဆိုပါကုမ္ပဏီမှမန်နေဂျာကိုအေးလွင်က ပြောသည်။

ကနဦးအစတွင် ကုမ္ပဏီအားမကျေနပ်သဖြင့် တိုင်တန်းထားသူမှာ (၄)ဦးဖြစ်သော်လည်းကုမ္ပဏီ နှင့်ညှိ၍ (၃)ဦးမှာအဆင်ပြေ သွားပြီး ယာပိုင်ရှင်ဦးကျော်မန်းတစ်ဦးသာ ကျန်တော့ကြောင်းသပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်၏ ပြောပြချက်အရ သိရသည်။

''ကျွန်တော်တို့ ဒီကိစ္စကို သေချာစစ်ဆေးသွားပါမယ်၊ဦးကျော်မန်းလုပ်နေတဲ့မြေကလည်းတကယ်တမ်းပြောရရင် သစ်တော မြေပါ '' ဟုဦးမျိုးဟန်က ပြောကြားသည်။

အဆိုပါကိစ္စကို ဦးကျော်မန်းမှနေ၍ သမ္မတထံသို့(၂၃)ရက်နေ့တွင် တိုင်စာပို့ထားခြင်းဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့