Tuesday, August 28, 2012

မြန်မာ့ဒီမိုကရေစီရေစီး ရှေ့တိုးခြင်းလား? ရှုပ်ထွေးနေခြင်းလား?

ဇေယျာနန္ဒ(မြစ်မခ)
28 Aug, 2012

၂၀၁၀ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီးတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ စတင်ရောက်ရှိလာခဲ့သည်။ ထိုအချိန်မှ စတင်၍ ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ကြုံတွေ့လာရသည်။ သို့သော် လည်း စစ်မှန်သော ပြောင်းလဲမှုများကား လိုအပ် နေသေးကြောင်း တွေ့ရှိရသည်။

ဒီမိုကရေစီလမ်းကြောင်းတစ်လျှောက်တွင် မြန်မာနိုင်ငံသည် ပြောင်းလဲမှုများစွာနှင့် ကြိုးစား ရုန်းကန်မှုများအား မလွဲဧကန် တွေ့ရ ပေမည်။ ထို့အပြင် ပဋိပက္ခများကိုလည်း ရင်ဆိုင်ရပေဦးမည်။ လက်ရှိအချိန်တွင် ဥပဒေပြုရေးမဏ္ဍိုင်အတွင်း၌ ပဋိပက္ခများ ဖြစ် ပွားနေသည်ကို မြင်တွေ့နိုင်ကြ ပေမည်။ ဥပမာအားဖြင့် ပြရမည်ဆိုလျှင် ၂၀၁၁ နှစ်ကုန်ပိုင်းအတွင်၌ ဖြစ်ပွားခဲ့သည့် လွှတ်တော် တွင်း ပဋိပက္ခနှင့် လက်ရှိတွေ့ကြုံနေရသည့် အခြေခံဥပဒေခုံရုံးပဋိပက္ခသည် အထင်အရှားဖြစ်သည်။

ထိုပဋိပက္ခများမှ ဥပဒေပြုရေးမဏ္ဍိုင်အတွင်း ပြင်းထန်သော ဆွေးနွေးငြင်းခုံမှုများအား ဖြစ်ပေါ် စေခဲ့ပေသည်။ ယခုအချိန်တွင် လူ များသည် ၎င်းတို့၏ ကိုယ်ပိုင်အမြင် သဘောထားများအား ထုတ်ဖော် လာကြပေသည်။ ထိုအချက်သည် အမိန့်အာဏာအား လွန် ဆန်မှု တစ်စုံတစ်ရာ မပြုလျက် (သို့) မိမိတို့ ခေါင်းဆောင်များ၏ သဘောထားများအတိုင်း တသဝေမတိန်း လိုက်လံ လုပ် ဆောင် ခြင်း ထက် ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်ပင်ဖြစ်သည်။ ဒီမိုကရေစီ ဖော်ဆောင်ရာတွင် ထိုကဲ့သို့ ရပ်တည်ချက် များသည် အရေးပါပေသည်။

သို့သော် ပဋိပက္ခများဖြစ်ပွားခြင်းသည် ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်ရေးနှင့် ဆင်းရဲမွဲတေမှုတိုက်ဖျတ်ရေးလုပ်ငန်းစဉ်များအား အဟန့်အတား ဖြစ်ပေါ်စေနိုင် ကြောင်းကိုလည်း တွေ့ရသည်။

လွှတ်တော်တွင်း ပဋိပက္ခ

၂၀၁၁ခုနှစ် အောက်တိုဘာလ ၂၈နေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်မှ‘လွှတ်တော်မှ အတည်ပြုသော ဥပဒေမူကြမ်းများအား အခြေခံဥပဒေခုံရုံးမှ စီစစ်အတည်ပြုပေးရမည်’ ဆိုသော အဆိုအား ထောက်ခံအတည်ပြုခဲ့သည်။ ၎င်း၏ ဆုံးဖြတ်ချက်နောက်ပိုင်းတွင် ဆွေးနွေး ငြင်းခုံမှုများ ပေါ်ထွက်လာခဲ့ပေသည်။ အမျိုးသားလွှတ်တော် အဖွဲ့ဝင်များမှ ထိုအဆိုအား ထောက်ခံ သော်လည်း ပြည်သူ့လွှတ်တော်အဖွဲ့ဝင်များက ကန့်ကွက်ခဲ့ကြသည်။ ရလာဒ်က လွှတ်တော် နှစ်ရပ်အတွင်း ပြင်းထန် သော ဆွေးနွေးမှုများ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၁ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် ပြည်သူ့လွှတ်တော် လွှတ်တော်ရေးရာ ကော်မတီ အတွင်းရေးမှူး ဒေါက်တာ စိုးရင်မှ ‘ထိုဆုံးဖြတ်ချက်သည် လွှတ်တော် ဥပဒေများနှင့် ကိုက်ညီမှုမရှိ’ ဟု ဆိုကာ ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ ထို့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကလည်း ဒေါက်တာ စိုးရင်၏ အဆိုကို ထောက်ခံသည့်အနေဖြင့် ‘အခြေခံဥပဒေ ခုံရုံး အား အတည်ပြုပြီးသော ဥပဒေမူကြမ်းများ တင်ပြရခြင်းသည် လွှတ်တော်၏ ဂုဏ်သိက္ခာအား ထိခိုက်စေသည်’ ဟု အတည်ပြု ပြောကြားလိုက်သည်။

အကျိုးဆက်အားဖြင့် နိုဝင်ဘာလ ၁၈ရက်နေ့တွင် ဦးခင်အောင်မြင့်မှ ‘ပြည်ထောင်စုလွှတ်တော်၏ ကောင်းမွန်သော ရည်ရွယ် ချက်များအား ထိန်းသိမ်းရန်နှင့် ပြည်သူ့လွှတ်တော်အား လေးစားသော အနေဖြင့် ထို ဆုံးဖြတ်အားရုတ်သိမ်း ခဲ့သည်”ဟူ၍ ပေါ်ထွက်လာသည်။

လွှတ်တော်အတွင်းက အတိုက်အခံခေါင်းဆောင်

ဧပြီလတွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲအတွင်း ဒီချုပ်ပါတီမှ (၄၃)နေရာ အနိုင်ရပြီးနောက် လွှတ်တော်အတွင်းသို့ ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်လာနိုင်ခဲ့သည်။ လွှတ်တော်အတွင်း နေရာ အများစုအား ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ရယူထား သော် လည်း လွှတ်တော်မှ ဒီမိုကရေစီဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ဖော်ဆောင်နိုင်ရန် အခွင့်အရေးပိုမိုရရှိလာခဲ့သည်။ လွှတ်တော် ထဲသို့ ဒေါ်စု ရောက်ရှိ ခဲ့သည့်အချိန်မှစ၍ မျှော်လင့်ချက်များ ပိုမိုတောက်ပလာခဲ့ကြသည်။

အခြေခံဥပဒေခုံရုံး ပဋိပက္ခ

အခြေခံဥပဒေခုံရုံး ပဋိပက္ခဖြစ်ပေါ်ရခြင်း အဓိကအကြောင်းအရင်းမှာ လွှတ်တော်အတွင်း ဖွဲ့စည်းထားသည့် ရေးရာကော်မတီ များ အား ပြည်ထောင်စုအဆင့် သတ်မှတ်ပေးရန် အခြေခံဥပဒေခုံရုံးမှ ငြင်းဆိုလိုက်ခြင်းကြောင့် ဖြစ်သည်။ ထိုရေးရာ ကော်မတီများ သည် ဝန်ကြီး ဌာနများ၊ အစိုးရအဖွဲ့နှင့် လွှတ်တော်၏ လုပ်ဆောင်ချက်များ ပြန်လည်စီစစ်ရန်နှင့် ထိန်းညှိပေးရန် ဖြစ်သည်’ ဟု လွှတ်တော် အမတ်များယုံကြည်ကြသည်။ ထိုရေးရာ ကော်မတီများအား ပြည်ထောင်စု အဆင့် အသိအမှတ်ပြုရန် ငြင်းဆန်မှုအား တုံ့ပြန်သည့်အနေဖြင့် လွှတ်တော်အမတ် (၃၀၁)ဦးက လတ်မှတ်ရေးထိုးကာ လွှတ်တော်ဥက္ကဌမှတဆင့် သမ္မတဆီသို့ စာတင်ခဲ့ သည်။ ထိုစာတွင် အမတ်များမှ ‘အခြေခံဥပဒေခုံရုံးသည် ပုဒ်မ ၃၃၄ အပိုဒ်ခွဲ (က) အား ချိုးဖောက်သည်ဟု စွပ်စွဲကာ ၎င်း ခုံရုံးအား ဖျက်သိမ်းပေးရန်’ တောင်းဆိုခဲ့သည်။ လွှတ်တော် ဥက္ကဌမှ သမ္မတအား ထိုကိစ္စအား နှစ်ဖက် နစ်နာမှုမရှိအောင် ဖြေရှင်း ပေးရန်တောင်းဆို၍ ဩဂုတ် (၁၄)ရက် နေ့စွဲဖြင့် ပေးပို့ခဲ့သည်။

ဩဂုတ်လ ၂၀ရက်နေ့တွင် အခြေခံဥပဒေခုံရုံးမှ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ၎င်းတို့သည် အခြေခံဥပဒေအား ထိန်း သိမ်း ကာကွယ်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ဆုံးဖြတ်ချက်အား ရုတ်သိမ်းပေးရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ အခြေခံ ဥပဒေခုံရုံး ဥက္ကဌ ဦးသိန်းစိုးမှ ၎င်းတို့အနေဖြင့် ပုဒ်မ ၃၀၂ အပိုဒ်ခွဲ ၅အရ အားချိုးဖောက်သည် ဆိုခြင်းသည် မဟုတ်မှန်ကြောင်း ၎င်းတို့အနေဖြင့် အခြေခံဥပဒေအတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အခိုင်အမာပြောကြားထားသည်။

နိုင်ငံတော် သမ္မတမှလည်း ပြည်ထောင်စုလွှတ်တော်အား ‘ခုံရုံး၏ ဆုံးဖြတ်ချက်သည် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ ထို့အပြင် ၎င်း၏ ဆုံးဖြတ်ချက်အား ပြန်လည် ရုတ်သိမ်းခြင်းသည် မသင့် လျော်ကြောင်း’ ဖြေကြားခဲ့သည်။ ဆက်လက်၍ သမ္မတ မှ ‘အခြေခံဥပဒေခုံရုံးအား နှုတ်ထွက်ပေးရန် တောင်းဆိုခြင်းသည် မဖြစ်နိုင်ကြောင်း’ ပြန်ကြားခဲ့သည်။ သို့သော် အခန်း ၁၂တွင် ပါဝင်သော အချက် အလက်များအတိုင်း အခြေခံဥပဒေအား ပြင်ဆင်၍ ရေးရာကော်မတီများအား အတည်ပြုနိုင်ကြောင်း အကြံ ဉာဏ် ပေးခဲ့သည်။

သို့သော်လည်း လွှတ်တော်အဖွဲ့ဝင်များမှ ‘ဤဖြစ်ရပ်သည် အခြေခံဥပဒေအား ပြင်ဆင်လောက်သည် အထိ ကြီးမားသော ကိစ္စ မဟုတ်’ ဟု ဆိုကာ အခြေခံဥပဒေခုံရုံးအား တရားစွဲရန် နည်းလမ်းကို ရွေးချယ်ခဲ့သည်။

ဒီမိုကရေစီအတွက် ကောင်းမွန်သော ပဋိပက္ခ

ဖော်ပြပါ ဖြစ်ရပ်များအား သုံးသပ်ကြည့်ပါက ပထမအကြိမ် ပဋိပက္ခသည် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ် သည်။ ဖြစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပါတီ လွှတ်တော် အတွင်းသို့ မဝင်ရောက်မီ ကတည်းကဖြစ်ပေသည်။ သို့သော် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အရေးပါသော လွတ်လပ်စွာ သဘောထားကွဲလွဲမှုသည် လွှတ်တော်အတွင်း၌ ရှိနေနှင့်ပြီးဖြစ် ပေ သည်။ မိမိတို့၏ သဘောထားများအား ဖော်ပြခြင်းမရှိပဲ အခြားသူ၏ သဘောထားအား လက်ခံခြင်းထက် ဆွေးနွေးငြင်းခုံခြင်း များသည် ပိုမိုကောင်းမွန်သော ရပ်တည်ချက် သဘောထားများအား ဖြစ်ပေါ် စေနိုင်ပြီး ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အ ထောက်အကူဖြစ်စေပေသည်။

ယင်းပဋိပက္ခအတွင်းတွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အကြား သဘောထားကွဲလွဲမှု များဖြစ်ပေါ်စေခဲ့သည်။ အမတ် များအနေဖြင့် တူညီသော ပါတီမှ ဖြစ်သော်ငြားလည်း မတူညီသော သဘောထားများအား တင်ပြလာခြင်းမှာ ကောင်းမွန်သော လက္ခဏာပင်ဖြစ်ပေသည်။ ထိုကဲ့သို့သော ရပ်တည်ချက်မျိုးသည် ပါတီစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲ ကြီးမားသော နိုင်ငံတစ်ခုတွင် ဒီမိုကရေစီ ပြောင်းလဲမှုအတွက် အရေးပါသောအချက်လည်း ဖြစ်ပေသည်။

ဒုတိယဖြစ်သည့် အခြေခံဥပဒေခုံရုံး ပဋိပက္ခဖြစ်ပွားချိန်တွင် ဒီချုပ်ပါတီသည် ဒေါ်စုသည် လွှတ်တော်အတွင်းတွင် ရောက်ရှိနေနှင့် ပြီးဖြစ်သည်။ ဤပဋိပက္ခတွင် အတိုက်အခံ ပါတီမှ အမတ်များသာမက အာဏာရပါတီမှ အမတ်များအပါအဝင် လွှတ်တော် အမတ် ၃၀၁ ဦးမှ တောင်ဆိုခဲ့ကြခြင်းဖြစ်ပေသည်။ ဤပဋိပက္ခသည်လည်း ဥပဒေပြုရေးဌာနအတွင်းရှိ အမြင်မတူသော အဖွဲ့ နှစ်ဖွဲ့၏ သဘောထားရေးရာ ကွဲလွဲမှုပင်ဖြစ်ပေသည်။ စစ်မှန်သော ဒီမိုကရေစီစနစ်တွင် အကြောင်းအရာများအား မတူညီသော ရှုထောင့်များမှ ဆွေးနွေးငြင်းခုံပြီး ကောင်းမွန်သော နည်းလမ်းအား ရှာဖွေမြဲပင်ဖြစ်သည်။

ပဋိပက္ခများက အခြားသောလုပ်ငန်းစဉ်များအား နှောင့်နှေးစေ

တစ်ချိန်တည်းမှာပင် ထိုကဲ့သို့သော ပဋိပက္ခများအား ကြာမြင့်စွာ ဆွေးနွေးငြင်းခုံနေခြင်းအားဖြင့် ဒီမိုကရေစီရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများအား နှောင့်ယှက်ဟန့်တားနိုင်ပေသည်။ ထိုမျှသာမက နိုင်ငံအတွက် ဒီမိုကရေစီ လုပ်ငန်းစဉ်များအား ဆုတ်ယုတ်မှု လည်း ဖြစ်စေနိုင်သည်။ မြန်မာနိုင်ငံ အနေဖြင့် စစ်မှန်သော လွတ်လပ်မှုအား ရရှိကာစအချိန်တွင် ထိုလွတ်လပ်မှုများ ဆုံးရှုံး၍ မဖြစ်နိုင်ပေ။

ယခုအချိန်တွင် လွှတ်တော်အတွင်း၌ အတိုက်အခံများအား နေရာပေးထားသော်လည်း ပြည်တွင်း စစ်မီးအား အဆုံးသတ်ရန်နှင့် တိုင်းရင်းသားဒေသများအား ဖွံ့ဖြိုးမှုများ ဖော်ဆောင်ပေးရန် လိုအပ် နေပေသေးသည်။ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများကြောင့် အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ရသည့်အပြင် လူထောင်ပေါင်း များစွာလည်း နေရာဒေသများအား စွန့်ခွာထွက်ပြေး ခဲ့ရသည်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် အကျင့်ပျက်ခြစားမှုများ ကျန်ရှိနေပေးသည်။

(သို့သော်လည်း ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လမ်းလာသည်နှင့်အမျှ အကျင့်ပျက်ခြစားမှုများ တစ်စထက်တစ်စ လျော့နည်း လာမည်မှာ မုတ်ချဧကန်ပင်ဖြစ်ပေသည်။)

လုပ်ဆောင်ရန်ကျန်ရှိနေသည့် ကိစ္စရပ်များ

ဒီမိုကရေစီအား ဖော်ဆောင်နိုင်ရန်အတွက် လူ့အခွင့်အရေးအား ကျင့်သုံးရန် လိုအပ်သည်။ ထို့အတူ နိုင်ငံတော် အစိုးရအနေနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ရာ ဒေသများကို ကူညီမှုများပေးရန်နှင့် ဆင်းရဲမွဲတေမှုအား တိုက်ဖျက်ပေးရန် လိုအပ်ပေသည်။ မကြာသေးမီက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းများသည် အုပ်ချုပ်မှုပိုင်းဆိုင်ရာတွင် လိုအပ်ချက်များ ရှိနေသေး သည်ကို ထောက်ပြလိုက်ခြင်း ဖြစ်သည်။

သတင်းနှင့် စာနယ်ဇင်းဆိုင်ရာ မူဝါဒများအား လျော့ပေါ့ပေးလိုက်ခြင်းသည် ပိုမိုကောင်းမွန်သော အခွင့်အရေးများအား ဖော်ဆောင် ခွင့်ပေးလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း သတင်းမီဒီယာများ အနေနှင့် တရားစွဲခံရခြင်းအား စိုးရိမ်နေမှုများ ရှိနေပေသည်။ ဒီမို ကရေစီ ဖွံ့ဖြိုးရေးအတွက် စတုတ္ထမဏ္ဍိုင်သည် အရေးပါသော ကဏ္ဍတွင် ပါဝင်ပေသည်။ သို့သော်လည်း အစိုးရအတွင်း၌ ပိုမို၍ ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်နေသေးသည်။ သတင်းမီဒီယာများအနေဖြင့် ပိုမို၍ မှန်ကန်သော သတင်းများအား ဖော်ပြလာကြ သည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံအနေဖြင့် အရေးပါသော ပြုပြင်ပြောင်းလဲမှုများအား ကြုံတွေ့ခဲ့ပြီး ဖြစ်ပေသည်။ အစိုးရ၏ လုပ်ဆောင်ချက်များအားလည်း ပိုမို၍ သိမြင်ခွင့်ရရှိလာကြပြီဖြစ်သည်။ တဆက်တည်းမှာပင် အစိုးရအနေဖြင့် (ဧရာဝတီတိုင်း ဒေသကြီးရှိ ရေကြီးဒေသများကဲ့သို့သော) သဘာဝ ဘေးအန္တရာယ်နှင့် ကြုံနေရသောနေရာများအား အကူအညီများပေးရန်၊ ပြည်တွင်းစစ်များအား အဆုံးသတ်ပေးရန်နှင့် (ကချင်ဒေသကဲ့သို့သော) တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များ ကျန်ရှိနေသေးသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့