Wednesday, August 29, 2012

ပေါင်းဆန် စက်များ တိုးချဲ့တည်ဆောက်မည်

သစ်ငြိမ်း
သြဂုတ်လ ၂၈ ရက် ၂၀၁၂ ခုနှစ်

လာမည့် နှစ်နှစ်အတွင်း တလလျှင် ပေါင်းဆန် တန်ချိန် တသောင်းခန့် တင်ပို့နိုင်ရန် ရည်ရွယ် ၍ ပေါင်းဆန် ထုတ်လုပ်ရေး စက်များ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းက ပြောသည်။

“ဧရာဝတီတိုင်းဒေသကြီးက ဘိုကလေး၊ ဝါးခယ်မမြို့၊ ကြို့ပင်ကောက်မြို့တွေမှာ တရက် တန် ၅ဝ ကျ ပေါင်းဆန်စက် တလုံးစီနဲ့ ပုသိမ်မြို့မှာ တရက် တန် ၂၀၀ ကျ စက်တလုံး တည်ဆောက်နေတယ်။ ဘိုကလေးစက်က မကြာခင် စပြီး စမ်းသပ်လည်ပတ် တော့မယ်” ဟု အထွေထွေအတွင်းရေးမှူး ဦးသောင်းဝင်း က ပြောသည်။

အလားတူ ဆန်စပါး လုပ်ငန်းရှင်များဖြင့် တည်ထောင်ထားသည့် ရန်ကုန်အခြေစိုက် Myanmar Agribusiness Public Corporation ကလည်း တန် ၅ဝဝ ကျ စက်တလုံးကို ၂ဝ၁၄ ခုနှစ်ဆန်းပိုင်း နောက်အကျဆုံး အပြီးတည်ဆောက်ရန် စီစဉ် နေကြောင်း ဦးသောင်းဝင်း က ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်း၌ တရက်လျှင် တန် ၅ဝ ကျ ပေါင်းဆန်စက် သုံးလုံးသာ လည်ပတ်လျက်ရှိပြီး ထိုစက်များ ကိုလည်း တန် ၁ဝဝ ကျ ဖြစ်ရန် အဆင့်မြှင့်သွားမည်။ ၂ဝ၁၃ နှစ်စပိုင်းတွင် ပေါင်းဆန်စက် ငါးလုံးခန့် ထပ်မံတိုးချဲ့ သွားမည်ဟု သိရ သည်။

၂ဝ၁၃ ခုနှစ်အတွင်း ပေါင်းဆန်စက် စုစုပေါင်း ၁ဝ လုံးခန့် လည်ပတ်နိုင်ရန်လည်း စီစဉ်ထားကြောင်း ဦးသောင်းဝင်း က ပြော သည်။

ပေါင်းဆန်စက်များကို ထိုင်း၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ အဓိက ဝယ်ယူတင်သွင်းသည်။

ထပ်မံတည်ဆောက်ရန်အတွက်လည်း စိတ်ဝင်စားသူ အများအပြားရှိနေပြီး ပုသိမ်နှင့် လှည်းကူးရှိ စက်ဟောင်း နှစ်လုံး ကိုလည်း ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

သို့ရာတွင် အခြားစက်မှုလုပ်ငန်းများ ရင်ဆိုင်နေရသလိုပင် ပေါင်းဆန်စက် တည်ဆောက်မှုများ အတွက် အဓိက စိန်ခေါ်မှုမှာ လျှပ်စစ်ဓါတ်အား အရံသင့်မရရှိခြင်းနှင့် လုံလောက်စွာ မရနိုင်ခြင်းတို့ ဖြစ်သည်။

ပေါင်းဆန်စက်ကို မီးစက်နှင့်အတူ တွဲတည်ရမလို ဖြစ်ကြောင်း ပေါင်းဆန်စက်တည်ထောင် လုပ်ကိုင်နေသူ ဦးသိန်းအောင် က ပြောသည်။

လက်ရှိလည်ပတ်နေသည့် စက်များသည်လည်း လျှပ်စစ်မီး အခက်အခဲရှိရာ စပါးခွံဓာတ်ငွေ့၊ ဘွိုင်လာ တို့ဖြင့် လည်ပတ် ရသည့် အတွက် တန် ၅ဝ စက်များပင် စွမ်းအားပြည့် မလည်ပတ်နိုင်သေးကြောင်း သိရသည်။

ပေါင်းဆန်စက်များ တိုးချဲ့တည်ဆောက်လာရာတွင် ကုန်ကြမ်းစပါး ရရှိမှု၊ လျှပ်စစ်မီး ရရှိမှုတို့ကို အဓိက ထည့်သွင်း တွက်ချက်၍ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဦးသောင်းဝင်း က ပြောဆိုသည်။

မြန်မာနိုင်ငံသည် ပြည်ပသို့ တလလျှင် ပေါင်းဆန် တန်ချိန် ၁,၅ဝဝ ခန့် တင်ပို့ရောင်းချလျက်ရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့