Wednesday, August 29, 2012

မြောင်းမြ ခလရ ၉၃ သိမ်းထားသည့် ခြံများတွင် ဇွတ်ဝင်စိုက်မည်

သိင်္ဂီထွန်း
သြဂုတ်လ ၂၈ ရက် ၂၀၁၂ ခုနှစ်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့အခြေစိုက် ခြေလျင်တပ်ရင်း ၉၃ မှ ၁၉၉၆ ခုနှစ်ကတည်းက သိမ်းယူထားသော နှစ်ရှည်ပင်စိုက် ခြံ ဧက ၂ဝဝ တွင် အသိမ်းခံ မူလခြံပိုင်ရှင်များက သီးနှံများ ပြန်လည်စိုက်ပျိုးရန် ပြင်ဆင်နေကြသည်။

“တရက် နှစ်ရက်အတွင်း ခြံထဲမှာ သီးပင်တွေ ပြန်စိုက်ဖို့ ကျနော်တို့ ဇွတ်ပြန်ဝင်မယ်။ သူတို့က တရားစွဲလာရင်လည်း တရားရုံး ကပဲ ရင်ဆိုင်မယ်” ဟု ခြံပိုင်ရှင် ဦးမောင်အေး က ပြောသည်။

မြောင်းမြမြို့နယ်၊ တောင်ကလေး ကျေးရွာအုပ်စု အတွင်းရှိ သဇင်ကုန်းရွာရှိ သရက်ပင်၊ ပိန္နဲပင်၊ သီဟိုဠ်ပင် စသော နှစ်ရှည်ပင် စိုက် ၎င်းခြံများကို ပိုင်ရှင် ခြံသမား ၂၉ ဦးထံမှ ခလရ ၉၃ က သိမ်းယူထားခြင်း ဖြစ်သည်။

“ဘာ့ကြောင့် သိမ်းတယ်တော့ မသိဘူးဗျ။ တပ်ပိုင်မြေ ဆိုပြီး သိမ်းသွားတာပဲ” ဟု ဦးမောင်အေး က ပြောသည်။

သိမ်းယူပြီး ခြံမြေများအတွင်း သီးနှံများ စိုက်ပျိုးခွင့် မပြုခဲ့ဘဲ ၂ဝဝ၉ ခုနှစ်အရောက်တွင် ထိုခြံများအတွင်း နေထိုင်ခွင့်ပါ မပြုတော့ ၍ ခြံပိုင်ရှင် ၂၉ ဦးမှာ မြောင်းမြမြို့ အဝေးပြေး ကားဝင်းဘေးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်ဟု ခြံရှင်များ ကို အကူအညီပေး နေသူ ဦးဝင်းရွှေ က မဇ္ဈိမကို ပြောသည်။

ခြံများအတွင်း စိုက်ပျိုးထားပြီး နှစ်ရှည်ပင်များကို တပ်မှ ခုတ်လှဲကာ သစ်အဖြစ် ရောင်းချပြီး အခြား သီးပင်စားပင်ကို လည်း ရောင်းချကာ တပ်ရန်ပုံငွေအဖြစ် အသုံးပြုနေသည်ဟု ဦးဝင်းရွှေ က ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ခြံရှင်များက ဧပြီလတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် တင်ခဲ့သော်လည်း ခွင့်ပြုချက် မရရှိခဲ့ပေ။ တပ်ရင်းမှူးက ၁၄ ရက်အတွင်း ဖြေရှင်းပေးမည်ဟု ကတိပေးခဲ့သော်လည်း အကောင်အထည် ပေါ်မလာ၍ ယခုကဲ့သို့ ထိုခြံများအတွင်း သီးပင် စားပင်များ အတင်းဝင်ရောက် စိုက်ပျိုးရန် ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ခြံပိုင်ရှင်များက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့