Tuesday, August 28, 2012

ပစ္စည်းဖိုးနှင့်လက်ခ အလိုက်ပေးရမှုအပေါ် အခပေးရုပ်သံလိုင်းကြည့်သူများ မကြည်ဖြူ

အောင်ကိုကိုလတ် (မြစ်မခ)
28 Aug, 2012

Sky Net ရုပ်သံလိုင်း တပ်ဆင်ကြည့်ရှုသူများအနေဖြင့် LNB (ထိပ်ဖူး)ပြောင်းလဲတပ်ဆင်ရာတွင် အခကြေးငွေပေးဆောင်နေ ရသော အခက်အခဲများဖြစ်ပေါ်လျှက်ရှိကြောင်း Sky Net ရုပ်သံလိုင်း တပ်ဆင် ကြည့်ရှုသူများထံက သိရှိရသည်။

“အပြီးအစီးရောင်းထားတာ ဘာလို့ထပ်ပေးရမှာလဲ။ ပျက်တာလဲ မဟုတ်ပဲနဲ့။ ဒီထပ်ဖူးလေးလာလဲတာကို ပစ္စည်းဖိုးကငါးထောင်၊ လက်ခကငါးထောင်ပေးရမယ်တဲ့။ ဘယ်လိုဖြစ်တာလဲမသိပါဘူး။”ဟု ပဲခူးတိုင်း ဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှ Sky Net တပ်ဆင် ထားသူ ဒေါ်တင်လှက ပြောသည်။

Sky Net ကုမ္ပဏီမှ ရုပ်သံလိုင်းတိုးချဲ့ထုတ်လွှင့်ရန်စီစဉ်မှုများ၊ ရုပ်သံလိုင်းဖမ်းယူကြည့်ရှုရာတွင် အရည်အသွေး ကောင်းမွန်စေရန် ဂြိုလ်တုပြောင်းတပ်ဆင်ရခြင်းဖြစ်ကြောင်း၊ Sky Net ရုပ်သံလိုင်း တပ်ဆင်ကြည့်ရှုသူများအား ယခုကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်ပေါ်မှုများအတွက် Park Royal တွင် သြဂုတ်လ(၂၆)ရက်နေ့တွင် Sky Net မှ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“အခုလို ဂြိုလ်တုပြောင်းလဲတပ်ဆင်ရာမှာ မိဘပြည်သူတွေနဲ့ စိတ်အနှောင့်အယှက် ကြုံတွေ့ရတယ်လို့လဲကြား ပါတယ်။ ကျွန်တော် တို့ ကုမ္ပဏီဆောင်ပုဒ်နဲ့အညီ ပြည်သူအတွက် ဆိုတဲ့အတိုင်း ကောင်းမွန်အောင် လုပ်ကိုင်သွားမှာပါ။ အခုလို မိဘပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်တဲ့အတွက် တောင်းပန်ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တစ်လ အခမဲ့ ကြည့်ရှုခွင့်ပေးသွားမှာပါ”ဟု အထွေထွေမန်နေဂျာ ဦးအောင်ဝင်းက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ ရုပ်သံလိုင်းအား Thaicom 5 နှင့် Thaicom 4 တို့မှထုတ်လွှင့်လျှက်ရှိပြီး ယခုအခါ APstar 7 အားတိုးချဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ Thaicom 4 မှ APstar 7 ဂြိုလ်တုသို့ ပြောင်းလဲတပ်ဆင် ရာတွင် LNB (ထိပ်ဖူး)လဲခမှာ ကျပ် ၃၀၀၀ မှ ကျပ် ၅၀၀၀ ၀န်းကျင်ပေးသွင်းရမည်ဖြစ်ကြောင်း၊ LNB(ထိပ်ဖူး)သည် Universal LNB အမျိုးအစားဖြစ်ပါက လဲလှယ်ရန်မလိုအပ်ပဲ ဒီဂရီအနည်းငယ်ရွှေ့ လိုက်ရုံဖြင့် ဖမ်းယူကြည့်ရှုနိုင်ကြောင်း သိရသည်။

“ရုပ်သံ ၄၆လိုင်းကို တစ်လ ၁၂၅၀၀ လောက်နဲ့ကြည့်ခဲ့တာ တစ်လိုင်းကို တစ်ရက် (၉)ကျပ် ကျော် လောက်ကျတယ်။ အခုလို လိုင်း ၆၀-၇၀၊ တစ်လ ၁၂၅၀၀ ကျပ်ပဲဆိုတော့ တစ်လိုင်းကို တစ်ရက် (၄)ကျပ်လောက်ပဲဆိုတော့လည်း အဆင်ပြေပါတယ်။ ” ဟု မရမ်းကုန်းမြို့နယ်၊ လက်ဖက်ရည်ဆိုင် ပိုင်ရှင် တစ်ဦးက ပြောသည်။

Sky Net ရုပ်သံလိုင်းများကို Thaicom 4 ဂြိုလ်တုမှ (၄၆)လိုင်းသာထုတ်လွှင့်ခဲ့ရာမှ လိုင်းပေါင်း (၇၀)တိုးချဲ့ထုတ်လွှင့်နိုင်ရန် APstar 7 ဂြိုလ်တုသို့ပြောင်းလဲခဲ့ပြီး MTV China, MTV South East Asia, Bloomberg Channel ၊ MU TV (မန်ယူ)၊CCTV နှင့် အခြားရုပ်သံလိုင်းများအား တိုးချဲ့ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

Free to Air ထုတ်လွှင့်ရန်စီစဉ်နေသော မြန်မာနေရှင်နယ် တီဗီ (mntv) စမ်းသပ်ထုတ်လွှင့်မှုအား Sky Net ကုမ္ပဏီမှ လိုင်းတစ်လိုင်းယူ၍ စမ်းသပ်ထုတ်လွှင့်နေကြောင်းကိုလည်း သိရှိရသည်။

လက်ရှိတွင် Sky Net ၀ယ်ယူတင်ဆင်ကြည့်ရှုသူ ဦးရေ ၁သိန်း ၅သောင်းခန့်ရှိပြီး Sky Net ရုပ်သံလိုင်းအား ၂၀၁၀ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့