Wednesday, August 29, 2012

ဆက်သွယ်ရေးလုပ်ငန်း ပုဂ္ဂလိက စီမံခန့်ခွဲမှု ပြောင်းရန်ပြင်

တင်ဇာအောင်
သြဂုတ်လ ၂၈ ရက် ၂၀၁၂ ခုနှစ်

ဆက်သွယ်ရေး လုပ်ငန်းကို နိုင်ငံဘတ်ဂျတ် မမှီခိုသော ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲ ဖွဲ့စည်းမှာဖြစ်ပြီး ၎င်းအောက်တွင် ပုဂ္ဂလိက ကုမ္ပဏီနှစ်ခု ထူထောင်ခွင့်ပြုကာ ရှိရင်းစွဲ အဖွဲ့အစည်းနှစ်ခုနှင့် ဝန်ဆောင်မှု ကို ယှဉ်ပြိုင် ဆောင်ရွက်စေရန် စီစဉ် ထားကြသည်ကို ဌာနတွင်း စာရွက်စာတမ်းအရ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့တို့ကို ပြည်တွင်း ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ဖက်စပ် စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပြီး သီးခြားပုဂ္ဂလိက အော်ပရေတာ ကုမ္ပဏီနှစ်ခုကိုလည်း ဝန်ဆောင်ခွင့် ပြုမည် ဖြစ်သည်။

“နောက်ထပ် သီးခြားလုပ်ကိုင်ခွင့် ရမယ့် ကုမ္ပဏီ နှစ်ခုက ဘယ်သူ လုပ်ကိုင်ခွင့် ရမယ်ဆိုတာ မသိရသေးပါဘူး။ အားလုံးကို ယှဉ်ပြိုင်စေမှာပါ။ ပြီးမှ အကောင်းဆုံး လုပ်ပေးနိုင်မယ့်သူကို ရွေးမှာပါ” မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တဦးက ပြောသည်။

နိုင်ငံဘတ်ဂျတ် မှီခိုခြင်းမရှိတော့သော ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ ရန်ပုံငွေ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေနှင့် အထောက်အပံ့များ၊ နည်းပညာများ ရယူ၍ Myanmar Telecom ကုမ္ပဏီကို လည်ပတ်မှာ ဖြစ်သည်။

ဖြစ်ပေါ်လာမည့် ပုံစံမှာဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန အောက်တွင် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ရှိနေမည်ဖြစ်သည်။ အဆိုပါ ဦးစီးဌာနမှ ဥပဒေ ၊ နည်းဥပဒေ အသစ် ပြဋ္ဌာန်းချက်များအတိုင်း ပါဝင် ဆောင်ရွက်မည့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ရတနာပုံတယ်လီပို့နှင့် အခြား ကုမ္ပဏီများကို နိုင်ငံတော်သို့ အခွန်အခ ပြည့်ဝစွာ ပေးဆောင်ရန် ကြီးကြပ်သွားမည်ဖြစ်သည်ဟု သိရသည်။

အစီအစဉ်အရ ဝန်ဆောင်မှု လုပ်ကိုင်မည့် ကုမ္ပဏီများ အားလုံးသည် မိုဘိုင်းဖုန်းကဏ္ဍ တခုထဲတွင်သာ ဝင်ရောက် လုပ်ကိုင် ရမည် မဟုတ်ဘဲ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများကိုပါ လုပ်ကိုင်ခွင့်ပြုမှာ ဖြစ်သည်။

မိုဘိုင်းဖုန်း၊ ကြိုးဖုန်း၊ အိုင်တီနှင့် အင်တာနက် ဝန်ဆောင်မှုများကို အဆိုပါ ကုမ္ပဏီလေးခုက ယှဉ်ပြိုင် ဆောင်ရွက် သွားကြမည် ဖြစ်သည်။

ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့တို့နှင့် ဖက်စပ် လုပ်ကိုင်ရန်နှင့် လုပ်ငန်းအတွက် လိုအပ်နေသော တင်ဒါရေးခြင်း၊ တင်ဒါခေါ်ယူခြင်း လုပ်ငန်များအတွက် နိုင်ငံတကာ အတွေ့အကြုံရှိသော အကြံပေး ကုမ္ပဏီ၊ အဖွဲ့အစည်း များကို လည်း ဖိတ်ခေါ်ခဲ့ရာ လျှောက်ထားသည့် ၆၄ ဖွဲ့အနက် ပြည်ပအဖွဲ့များက ၄ဝ ကျော် ရှိသည်။

နောက်ပိုင်းတွင် ဥပဒေ၊ နည်းဥပဒေနှင့် သက်ဆိုင်သည်များကို ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကသာ ဆောင်ရွက် သွားမည် ဖြစ်ပြီး ဆက်သွယ်ရေးဥပဒေကိုလည်း ပြန်လည် ရေးဆွဲနေသည်။ ယင်းဥပဒေ ထွက်လာမှသာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို လက်ခံဆောင်ရွက်နိုင်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်း အသုံးပြုသူမှာ လူတရာလျှင် ၅ ဦးမှ ၇ ဦး အတွင်းသာ ဖုန်းကိုင်ဆောင် နိုင်ပြီး လာမည့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် လူတရာလျှင် ၇၅ ဦးမှ ၈ဝ ဦးအထိ သုံးစွဲနိုင်ရန် မျှော်မှန်းထားသည်ဟု မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်းမှ စာရင်းများအရ သိရသည်။

ဆက်သွယ်ရေးလုပ်ငန်းကို ပုဂ္ဂလိက အဖြစ် ဝင်ရောက်လုပ်ကိုင်မည့် ကုမ္ပဏီများသည် သက်ဆိုင်ရာ နိုင်ငံတွင် လိုင်စင်ရ အော်ပ ရေတာ ဖြစ်ရမည်။ ရင်းနှီးမြှပ်နှံမှု အတွက်လည်း ဘဏ္ဍာငွေ လုံလောက်စွာ ရှိရမည် ဖြစ်သည်။ လုပ်ငန်းလုပ်ဆောင်ချက် သမိုင်း မှတ်တမ်း ကောင်းရမည်ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းအဖြစ် ခွင့်ပြုချက် ရရှိထားရမည် ဖြစ်သည်။ ဆက်သွယ်ရေး လုပ်ငန်းစု၏ သတ်မှတ်ပြဋ္ဌာန်းချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားရမည် ဖြစ်ပြီး ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းအဖြစ် ခွင့်ပြုချက် ရရှိထားရမည်ဖြစ်သည် ဟုလည်း သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့