Friday, August 31, 2012

အခွန်ဆောင်စရာမလိုသော တိုက်ခန်းအငှားဈေးကွက်မြင့်တက်

ယမင်း(မြစ်မခ)
31 Aug, 2012

ရန်ကုန်မြို့တွင်း အိမ်ခြံမြေဈေးကွက်အရောင်းအဝယ်ကျဆင်းခဲ့သော်လည်း တိုက်ခန်းများရောင်းဝယ်မှုနှင့် ငှားရမ်းနေထိုင်မှုမြင့် တက်လျှက်ရှိကြောင်း အကျိုးတော်ဆောင်များထံက သိရသည်။

''ခြံမြေဈေးက လက်ရှိမှာ အရောင်းနည်းနည်းအေးနေပြီး တိုက်ခန်းက အရောင်းကောအငှားပါ သွက်နေတယ်။ မြို့ပေါ် တိုက် ခန်းတွေက ပိုသွက်တယ်။ တိုက်ခန်းက မြေလိုလည်း အတက်အကျသိပ်မကြမ်းဘူးလေ။ ပြီးတော့ အိမ်ခြံ မြေတွေ အခွန်ဆောင် ရပေမယ့် တိုက်ခန်းကျတော့ အခွန်ဆိုတာ မရှိဘူးလေ။ နောက်ဆိုဒီ့ထက်တောင်တိုက်ခန်း ဈေးကွက်ရှိလာနိုင်တယ်''ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးတော်ဆောင်မှ ဦးသန်းဦးက ပြောသည်။

အိမ်ခြံမြေဈေးကွက်တွင် ဇူလိုင်လပိုင်းမှစတင်၍ အရောင်းအဝယ်တည်ငြိမ်ခဲ့ပြီး တိုက်ခန်းများမှာ ဇွန်လကုန်ပိုင်းမှ စတင်၍ အရောင်း အဝယ်ဖြစ်ပေါ်ခဲ့ကာ ငှားရမ်းသည့် ဈေးကွက်ပါ အတူမြင့် တက်လာခဲ့ကြောင်း သိရှိရသည်။

တိုက်ခန်းများ အရောင်းအဝယ်နှင့် ငှားရမ်းမှုမြင့်တက်လာခြင်းမှာ အိမ်ခြံမြေ အခွန်တိုးမြှင့်လိုက်ခြင်း၊ ဒေသအသီးသီးမှ ပြောင်း ရွှေ့ စီးပွားရေးလုပ်ကိုင်သူများမှ ဝယ်ယူနေထိုင်မှုများပြားလာခြင်း၊ပြည်ပနိုင်ငံ များသို့ အလုပ်သွားရောက်အလုပ်လုပ် ကိုင်ရန်(အလုပ် ခေါ်ချိန်စောင့်ဆိုင်း) တိုက်ခန်းများ ငှားရမ်းနေထိုင်ခြင်း၊ ပြည်နယ်များမှ တက္ကသိုလ်လာရောက်တက်ရောက် သူများမှ စုပေါင်းကာ တိုက်ခန်းများငှားရမ်းနေ ထိုင်ခြင်းများကြောင့် ဖြစ်ကြောင်း အကျိုးဆောင်များက အတွေ့အကြုံများအား ပြောဆိုသည်။

အိမ်ခြံမြေ အခွန်နူန်းများအား (၂ဝဝ၇) ခုနှစ်မှစတင်၍ (၁၅)ရာခိုင်နှုန်းကောက်ခံနေရာမှ ၂ဝ၁၂ခုနှစ်၊ သြဂုတ်လ(၁၂) ရက် နေ့မှ စတင်ကာ အခွန်နူန်းအား တံဆိပ်ခေါင်းခွန်အပါအဝင် (၃၇)ရာခိုင်နှုန်းသို့ ပြောင်းလဲတိုးမြှင့် ကောက်ခံခဲ့ကြောင်း သိရှိရသည်။

''မြေအရောင်းအဝယ်ကတော့ နဲနဲအေးလာတယ။် အရင်လလောက်ကတည်းကပဲ။ မိုးတွင်းဆိုတော့ အိမ်တွေက အနိမ့်ပိုင်းတွေ ဆိုတော့ ရေဝင်တာတွေရှိတယ်လေ။ တိုက်ခန်းတွေကျတော့ နေလို့ အဆင်ပြေတာရယ်၊ ပြီးတော့ အထပ်မြင့်ရင်မြင့်သလောက် လုံးချင်းတွေထက်တောင် ဈေးနှုန်း ပိုချိုနေသေးတယ်လေ''မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင် အိမ်ရာမှ အိမ်ပွဲစားဒေါ်ချို က ပြော သည်။

ရန်ကုန်မြို့တွင်းရှိ တိုက်ခန်းဈေးနှုန်းများမှာ တည်နေရာ အကျယ်အဝန်းပေါ်မူတည်၍ ကျပ်သိန်း (၄ဝဝ)မှ ကျပ်သိန်း(၆ဝဝ) တိုက်ခန်းများအရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိပြီး အငှားဈေးကွက်တွင် တစ်လလျှင် ကျပ်(၁)သိန်း မှ ကျပ် (၅)သိန်းဝန်းကျင် တိုက်ခန်းများ အငှားသွက်ကြောင်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့