Wednesday, August 29, 2012

ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းဒေသတွင် ပင်လယ်ရေမှော်စိုက်ပျိုးရန် စဉ်းစားသင့်

အာရကန်ကိုကို-မောင်တော(မြစ်မခ)
29 Aug, 2012

အလျားမိုင်(၂၄၀)ကျော်ရှိသော ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းဒေသရှိ ပင်လယ်ရေမှော်များအား နည်းပညာ အကူအညီ ရယူကာ တစ်ပိုင်တစ်နိုင်ပိုင်မှစီးပွားဖြစ်အထိ စိုက်ပျိုးထုတ်လုပ်ပါက ဒေသအတွက် အကျိုးများ နိုင်ကြောင်း သိရှိရသည်။

“ရေမြေသဘာဝချင်းတူတဲ့ တနင်္သာရီတိုင်းဒေသကြီး အဲ့ဒီမှာစိုက်ပျိုးနိုင်ရင် ကျွန်တော်တို့ဒေသမှာလည်းစိုက်ပျိုးနိုင်မှာပါ၊ လက်ရှိ ကြုံတွေ့နေရတာက နည်းပညာအခက်အခဲပါ”ဟု သံတွဲမြို့နယ် ကင်းမှော်ရွာမှ ရေလုပ်ငန်းရှင် တစ်ဦးဖြစ်သည် ဦးကြာအောင်က အကြံပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

သံတွဲမြို့တွင် ပင်လယ်ရေမှော်တနိုင်တပိုင်ရှာဖွေသူများထံမှ ကောက်ခံဝယ်ယူသူများလည်း ရှိနေကြောင်း ဒေသခံများထံက သိရှိရ သည်။

ရခိုင်ကမ်းရိုးတန်းဒေသ သံတွဲ၊ကျောက်ဖြူ၊မာန်အောင်၊ရမ်းပြဲ၊ဂွ မြို့နယ် အစရှိသည့် ကမ်းရိုးတန်းဒေသများတွင် သဘာဝ အ လျောက် ပေါက်ရောက်မှုမှ တစ်ပိုင်တစ်နိုင် ထွက်ရှိသည့်ပင်လယ်ရေမှော်ကုန်ကြမ်းများကို ရိုးမအရှေ့ရန်ကုန် ဈေးကွက်မှတဆင့် တရုတ်ဈေးကွက်သို့ တင်ပို့နိုင်ကြောင်းကိုလည်း သိရှိရသည်။

အကယ်၍ နည်းပညာအကူအညီများ ရယူပြီးစီးပွါးဖြစ်စိုက်ပျိုး ထုတ်လုပ်မှုပါက အောင်မြင်နိုင်ပြီး၊ ပြည်ပ ဈေးကွက်များသို့လည်း ထုတ်လုပ်တင်ပို့နိုင်မည်ဖြစ်ပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ကမ်းရိုတန်းဒေသ သံတွဲမြို့၌(၁၉၈၀) ခုနှစ်တိုင်မီက ပင်လယ်ရေမှော်ကျောက်ကျော ထုတ်လုပ်မှုစက်ရုံ (၂) ရုံစမ်းသပ် လည်ပတ် မှုများရှိခဲ့သော်လည်း ပင်လယ်ရေမှော်ကုန်ကြမ်းရှားပါးခြင်း ၊ထုတ်လုပ်မှု နည်းပညာ အကူအညီ လိုအပ်ချက်များ နှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးမားမှုများကြောင့် ဆက်လက် လုပ်ကိုင်ရန် အခြေအနေမကောင်းပဲ စက်ရုံလည်ပတ်မှုလုပ်ငန်း များ ကိုလည်း ပိတ်သိမ်းခဲ့ရကြောင်း သိရှိရသည်။

မြန်မာ့ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးတွင် ပြည်ပကုမ္ပဏီများက ၀င်ရောက် ရင်းနှီးမြူပ်နှံပြီး ဒေသခံ များနှင့်ပူးပေါင်းကာ ပင်လယ်ရေမှော်များကို စနစ်တကျစီးပွါးဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ကမ်းရိုးတန်းဒေသတို့မှာ ရာသီဥတုနှင့် မြေခံရေခံသဘာဝအနေအထားများ တူညီမှုရှိသည့် အတွက် ရခိုင်ကမ်းရိုးတမ်းဒေသတွင်လည်း ပင်လယ်ရေမှော် စိုက်ပျိုးထုတ်လုပ်ပါက အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း ဒေသခံ ရေလုပ်ငန်းရှင်များက ဆိုသည်။

ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းဒေသများဖြစ်သည့် စစ်တွေ၊ မောင်တော၊ ရသေ့တောင်စသည့်ဒေသများတွင် ပင်လယ်ရေ မှော်ပေါက်ရောက် မှု နည်းပါးကြောင်း မောင်တောဒေသခံတစ်ဦးက ဆိုသည်။

အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတစ်ခုဖြစ်သည့်ု ဖိလပိုင်နိုင်ငံ၌ ပင်လယ်ရေမှော်အား စီးပွါးဖြစ် အကြီးအကျယ် စိုက်ပျိုး ထုတ် လုပ်ပြီး ပြည်ပဈေးကွက်များသို့ တင်ပို့လျှက်ရှိကြောင်းနှင့် ပြည်ပဈေးကွက်တွင် ပင်လယ်ရေမှော်အခြောက် တစ်တန်လျှင် ကန်ဒေါ်လာ(၂၀၀၀)၀န်းကျင်အထိရှိ ဈေးရရှိကြောင်းကိုလည်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့