Wednesday, August 29, 2012

မြစ်ဝကျွန်းပေါ်ရေကြောင်းများအား အောက်တိုဘာ(၁)ရက်တွင် ပုံမှန်ပြေးဆွဲမည်

ယမင်း(မြစ်မခ)
29 Aug, 2012

ခေါက်ရေလျှော့ချပြေးဆွဲနေသော ခရီးစဉ်လိုင်းများနှင့် ယာယီရပ်ဆိုင်းထားသော ခရီးစဉ်လိုင်းများအား အောက်တိုဘာ (၁)ရက် နေ့ မှ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲ ပေးမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း (မြစ်ဝကျွန်းပေါ်ဌာနခွဲ)က သိရသည်။

ပြည်တွင်းရေကြောင်းခရီးစဉ်များ ခေါက်ရေလျှော့ချခြင်းနှင့် ယာယီရပ်နားထားခြင်းများကို သြဂုတ်လပထမ ပတ်အတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလတွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

''ခါတိုင်းနှစ်တွေ ဒီလိုမဖြစ်ဖူးဘူး။ ဒီနှစ်ကျတော့မိုးလည်း အရမ်းများတယ်။ ခရီးသည်လည်းနည်းတယ်။ ကုန်စည်အမှာ စာ တွေလည်း သိပ်မရတော့ ကုန်လည်းမတင်နိုင်ဘူး။ ဒီတော့ဌာနအနေနဲ့ အရှုံးသက်သာအောင်လို့ လိုင်း(၂)ခုထပ်နေတဲ့ ရန်ကုန် -မြောင်းမြ ခရီးစဉ်ကို ယာယီရပ်နားထားပြီး တချို့လိုင်းတွေကိုလည်း ခေါက်ရေလျှော့ထားတယ်''ဟု ပြည်တွင်းရေ ကြောင်းလိုင်း (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြစ်ဝကျွန်းပေါ်ဒေသများသို့ ခရီးသွားလာရာတွင် ရေလမ်းခရီးအားကိုးမှုများသဖြင့် ယခုကဲ့သို့ခေါက်ရေလျှော့ပြေး ဆွဲခြင်း ကြောင့် ပြည်သူများမှာ အခက်အခဲဖြစ်လျှက်ရှိကြောင်း ဒေသခံများက ဆိုသည်။

''နည်းနည်းတော့ အခက်အခဲဖြစ်တာပေါ့။ ရန်ကုန်-မြောင်းမြသင်္ဘောကို ခဏရပ်ထားတော့ ရန်ကုန်-ပုသိမ်သင်္ဘောပဲ စီးနေရ တယ်။ လူတော့နည်းနည်းကြပ်တယ်။ ကုန်တွေလဲပါတယ်ဆိုတော့လေ။ (၁)ရက်နေ့ပြန်ဖွင့်ပေးမယ်လို့တော့ ပြောနေကြ တာ ပဲ'' ဟု ရန်ကုန်မှမြောင်းမြသို့ ခရီးသွားလာနေသူ ဦးချစ်နိုင်ကပြောသည်။

ရန်ကုန်-ဖျာပုံခရီးစဉ်လက်မှတ်ခမှာ ရိုးရိုးတန်း(၁ဝဝဝ)ကျပ်၊ အထက်တန်း (၃၅ဝဝ)ကျပ်၊ ရန်ကုန်-ဘိုကလေး ခရီး စဉ် လက်မှတ်ခ မှာ ကုန်းပတ် (၁ဝ၅ဝ)ကျပ်၊ ဦးခန်းမှာ(၁၆၁ဝ) ကျပ်၊ ရန်ကုန်-မြောင်းမြခရီးစဉ် လက်မှတ်ခမှာ ကုန်းပတ် (၁၆၂ဝ)ကျပ်၊ဦးခန်းမှာ(၄ဝ၅ဝ)ကျပ်နှုန်းဖြစ်ကြောင်းသိရသည်။

''ကျွန်တော်တို့အနေနဲ့ကတော့ မိုးတွင်းဖြစ်ဖြစ်၊ နွေဖြစ်ဖြစ် ခရီးစရိတ်လည်းသက်သာတဲ့ သဘောင်္ကို အားကိုးနေရတာ။ ရေကြီး နေတာတွေလည်းဖြစ်နေတော့ ပြည်တွင်းရေကြောင်းတွေ ရပ်နားထားကြတော့ သွားလာမှုနည်းနည်း အခက်အခဲ ဖြစ်ရတယ်''ဟု ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှ ကုန်သည်ဦးမြင့်ထွန်းက ပြောသည်။

ရန်ကုန်-ဖျာပုံခရီးစဉ်အား နေ့စဉ်ပုံမှန် ပြေးဆွဲနေရာမှတစ်ပတ်လျှင် တနလာင်္နှင့် ကြာသပတေး နှစ်ရက်၊ ရန်ကုန်-ဘိုကလေး ခရီးစဉ်အား ပုံမှန်တစ်ပတ်လျှင်(၂)ရက်ပြေးဆွဲနေရာမှ တနလာင်္တစ်ရက် သို့လျှော့ချပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်-ပုသိမ် ခရီးစဉ်မှာမူ ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် မြန်မာ့ပြည်တွင်းရေကြောင်းလိုင်းမှ ကူးတို့လိုင်း(၅)လိုင်း၊ ခရီးသည်ကုန်တင်လိုင်း(၁၂)လိုင်း စုစုပေါင်း (၁၇) လိုင်း ဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီးသို့ ပြေးဆွဲပေးလျှက်ရှိကြောင်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့