Friday, August 31, 2012

ရန်ကုန်မြို့တွင်း ဆိုင်ကယ်ကယ်ရီဖမ်းဆီးမှုတွင် တရားမဝင်ငွေကြေးတောင်းခံမှုများရှိနေ

ထက်အောင်ခန့် (မြစ်မခ)
31 Aug, 2012

ရန်ကုန်တိုင်းဒေသကြီး ဧရိယာနယ်နိမိတ်အတွင်း တရားမဝင်ကယ်ရီပြေးဆွဲနေသော မော်တော် ဆိုင်ကယ်များအား ဖမ်းဆီး အ ရေးယူရာတွင် တရားမဝင်ငွေကြေးများ တောင်းခံ နေမှုများကြောင့် ကယ်ရီ ဆွဲနေသူများအနေဖြင့် အခက်အခဲများကြုံ တွေနေရ ကြောင်း ဆိုင်ကယ်ကယ်ရီအသိုင်းအဝိုင်းက သိရှိရသည်။

''အမှန်တကယ်ဖမ်းဆီးအရေးယူတဲ့ အဖွဲ့ရှိသလို၊ အကြံအဖန်လုပ်ပြီး ပိုက်ဆံတောင်းတဲ့ အဖွဲ့လည်းရှိတယ်။ ကျွန်တော့်သူငယ် ချင်း ဆို တစ်ခါ မနက် (၃) နာရီလောက် ကြိုးတံတားဘက်ကို ခရီးသည်သွားပို့တုန်း လမ်းကနေလက်တားပြီးဖမ်းတယ်။ ဆိုင် ကယ်ကို သိမ်းပြီးတော့ ပြန်လိုချင်ရင် ပိုက်ဆံယူပြီး ပြန်လာခဲ့လို့ ပြောတယ်။ မရှိတဲ့ကြားက အတိုးလေးနဲ့ ချေးပြီးဆိုင်ကယ် သွား ပြန် ရွေးရတယ်ဟု''ဟု ဆိုင်ကယ် ကယ်ရီပြေးဆွဲနေသူတစ်ဦးကပြောသည်။

အဓိကဖမ်းဆီးအရေးယူနေသည့်နေရာများမှာ အမှတ် (၃) လမ်းဆုံ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္က လာပရှိ ခြောက်ကွေ့လမ်းဆုံ၊ ဧရာ ကားမှတ်တိုင်ထိပ်များတွင် အဓိကဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

''ဆိုင်ကယ်တွေကိုဖမ်းရင် အထွေထွေအုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာနယ်မြေတွေ ကယာဉ်ထိန်းရဲတွေ ပူးပေါင်း ပြီးဖမ်းတယ်၊ အင်အား ၁၂ ယောက်မှ ၁၅ ယောက်အထိ ကားတွေနဲ့ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေတယ်''ဟု မြောက် ဥက္ကလာပမြို့နယ်ရှိ တာဝန်ကျယာဉ်ထိန်းရဲတစ်ဦးက ပြောကြားသည်။

နယ်မြေကျော်ဖမ်းဆီးသည့်အခါတွင် ၅၁ဝဝဝ ခန့်ပုံမှန်ပေးဆောင်ရလျှက်ရှိကြောင်းသိရသည်။ ဆိုင်ကယ်ပြန်လည်ရွေးသောအခါတွင် မှတ်ပုံတင်မူရင်း၊ အာမခံပေးရန်လူနှစ်ယောက်နှင့် အိမ်ပိုင်ဆိုင်ကြောင်း ထောက်ခံစာများယူဆောင်ရပြီး ဆိုင်ကယ်အမြန်ရရေးနှင့် စီနီယာအရှေ့ကျရန်အတွက် ကျပ်-၇၅ဝဝဝမှ ၈ဝဝဝဝ နှုန်းအထိ ပေးဆောင်ရကြောင်းကိုလည်း ကယ်ရီသမားများ ထံကသိရ သည်။

ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူရာတွင် စီမံချက်ရှိသောနေ့များတွင် ၁၃၊ ၁၄ စီးခန့်ဖမ်းဆီးအရေးယူပြီး စီမံချက်မရှိသောနေ့ များတွင် တစ်နေ့ကို ၂ စီးခန့် ပုံမှန်ဖမ်းဆီး အရေးယူပေးရကြောင်းနှင့် လူကြီးလမ်းကြောင်းရှိသည့်နေ့များတွင် ဖမ်းဆီးအရေး ယူမှုပိုများကြောင်းကိုလည်း တာဝန်ကျ ယာဉ်ထိန်းရဲတစ်ဦးမှ ပြောကြားသည်။

ဆိုင်ကယ် ကယ်ရီပြေးဆွဲရာတွင် ဆိုင်ကယ်တစ်စီးအား အုံနာကြေးအဖြစ် ၂၅ဝဝ ပေးရပြီး ဆိုင်ကယ်ဖမ်းဆီးခံရသောအခါ တွင် လည်း ဆိုင်ကယ်ပိုင်ရှင်အား ဆိုင်ကယ်တန်ဖိုးပြန်လည် ပေးရကြောင်းသိရှိရသည်။

''ကျွန်တော်တို့က ဒီလိုဆိုင်ကယ် ကယ်ရီဆွဲပြီး ဝမ်းစာရှာနေရတာပါ။ ဆိုင်ကယ်ဖမ်းသွားတော့ မရှိ ရှိတာလေးတွေရောင်းပြီးဆိုင် ကယ်ပြန်ရွေးဖို့ငွေလိုက်ရှာရတယ်။ ပြန်ရွေးဖို့ငွေမပြည့်သေးဘူးဆိုရင် ငွေချေးတဲ့သူဆီကနေ အတိုးပေးပြီး ချေးငွေထုတ်ချေးရတယ်။ ဆိုင်ကယ်ပြန်ရတော့မှယူထားတဲ့ ငွေလေးတွေကို နည်းနည်းစီပြန်ဆပ်ရတယ်'' ဟု ကယ်ရီဆွဲနေသူတစ်ဦးက ကိုယ်တိုင်ကြုံ တွေ့ နေရသည့် အခက်အခဲအားပြောကြားသည်။

သြဂုတ်လ ၂၈ရက်နေ့ည ၁၁နာရီခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းရှိ ကျန်စစ်သားလမ်းမကြီး ပေါ်တွင် ဆိုင်ကယ်ကယ်ရီ သမား များအား ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံ ဖမ်းဆီးရာတွင် ကယ်ရီသမားများမှ ထွက်ပြေးကြသော အခါ လမ်းပေါ်ရှိခရီးသွားပြည်သူများအတွက်ပါ အန္တရာယ်ဖြစ်စေနိုင်သည်ဟု ဒဂုံမြို့သစ်တောင်ပိုင်းနေ ခရီးသွားပြည်သူများက ဆိုသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့