Tuesday, August 28, 2012

သီးနှံပေါ်ပြန်ပေးစနစ်ဖြင့် မျိုးစပါး တင်း(၃)သောင်းကျော် ကူညီမည့် ဆန်စပါးအသင်း

ရန်နိုင်(မြစ်မခ)
27 Aug, 2012


ရေလွှမ်းမိုးခြင်းခံခဲ့ရသာ ဧရာဝတီတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတွင် မျိုးစပါးတင်း သုံးသောင်းကျော်အား သီးနှံပေါ်ပြန်ပေး စနစ်ဖြင့် စပါးစိုက်တောင်သူများအား အမြန်ဆုံးဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင် များအသင်း ကသိရှိရသည်။

“ကျွန်တော်တို့နေနဲ့ တောင်သူတွေကို မျိုးစပါးထုတ်ပေးမယ်။ သူတို့လည်းရိတ်သိမ်းချိန်ရောက်မှ ထုတ်ယူထားတဲ့ မျိုးတစ်တင်း ဆိုရင် ကာလတန်ဖိုး(၅၀၀၀)ကျတယ်ထားပါတော့။ အဲဒီ ကာလ တန်ဖိုးတဲ့ ကိုက်ညီတဲ့ စပါးကို(၁)တင်းတန် (၁)တင်း၊ (၂) တင်း တန် (၂)တင်းပြန်ပေးရမှာပါ”ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးချစ်ခိုင်က ပြောသည်။

တောင်သူများအနေဖြင့် မျိုးစပါးများထုတ်ယူရာတွင် ငွေပေးချေစရာမလိုပဲစပါးရိတ်သိမ်းပြီးအချိန်မှသာရိတ်သိမ်းစပါးမှ မျိုးစပါးနှင့် ကိုက်ညီသည့် စပါးပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

"လယ်နစ်မြုပ်ခြင်းခဲ့ရတဲ့ဒေသတွေက ရေကျပြီးပြန်စိုက်ပျိုးနိုင်တဲ့လယ်တွေအတွက် မျိုးစပါးတွေကို တောင်သူတွေထံအချိန်မီ စိုက် ပျိုး နိုင်ဖို့ အမြန်ဆုံးဖြန့်ဖြူးပေးသွားမှာပါ။အချိန်မီပြန်လည် စိုက်ပျိုးနိုင်မယ်ဆိုရင် ဆန်အထွက်နှုန်းကို သိသိသာသာ မထိခိုက် နိုင်ပါဘူး" ဟု ဦးချစ်ခိုင်က ပြောသည်။

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းသည် အစိုးရအဖွဲ့အစည်း မဟုတ်သည့်အတွက် နိုင်ငံတော်ကဲ့သို့အကူအညီကြီးကြီးမား မားမပေးနိုင်သည့်အတွက် မိမိတို့ တတ်နိုင်သည့်ဘက်မှ တောင်သူများကို ယခုလို အကူအညီပေးခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောသည်။

“အခုဆို ရေအဝင်အထွက်ကောင်းတဲ့ တချို့လယ်မြေတွေမှာ ပြန်စိုက်ဖို့အနေအထားရှိနေပြီ။ ဆန်စပါးလုပ်ငန်း ရှင်အသင်းက ကူ ညီမယ်လို့ဆိုတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီအချိန်မှာ မျိုးစပါးတစ်တင်းကို ငါးထောင်ဝန်းကျင်ဆိုလည်း မနည်းဘူးလေ။ အခုလို အချိန်မှာ ငါးထောင်ဆိုတဲ့ ပိုက်ဆံကိုလယ်ပြန်စိုက်ဖို့ ချေးချင်ရင်တောင် မလွယ်ဘူး။ အကုန်လုံးဒုက္ခရောက် နေကြတာလေ” ဟု ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှ တောင်သူဦးကုလားကြီးက ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရလယ်ဧကနစ်မြုပ်၍ ပျက်စီးဆုံးရှုံးမှု အများဆုံး ဒေသများမှာ ဧရာဝတီ တိုင်းအတွင်းရှိ ပုသိမ်၊ ကျောင်းကုန်း၊ အသုတ်၊ ရေကြည်၊ ကျုံပျော်၊သာပေါင်းနှင့် ပဲခူးတိုင်းအတွင်းရှိ သနပ္ပင်၊ က၀၊ ဝေါ၊ ရွှေကျင်၊မဒေါက်စသည့်ဒေသများဖြစ်ပြီး စုစုပေါင်း လယ်ဧကတစ်သိန်းကျော်ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့