Tuesday, August 28, 2012

မောင်တောပြူးမချောင်း ကမ်းပြိုမှုကြောင့် လယ်မြေဧကရာချီ ဆုံးရှုံး

အာရကန်ကိုကို-မောင်တော(မြစ်မခ)
27 Aug, 2012

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း နယ်စပ်နတ်မြစ်လက်တက် ပြူးမချောင်းမြစ်ကမ်းပါးမှာ မိုးရာသီတွင် နှစ်စဉ်နှစ်တိုင်းချောင်း ကမ်းပါးပြိုကျမှုများပြားလာခြင်း ကြောင့် ချောင်းတစ်ဖက်တစ်ချက်ရှိလယ်ယာစိုက်ပျိုးမြေဧက များ လျော့နည်းပျောက်ဆုံးမှု များရှိ လာ ကြောင်းဒေသခံတောင်သူများထံက သိရသည်။

သဘာဝအလျှောက်ချောင်းရေစီးကြောင်း ပြောင်းလဲလာမှုများကြောင့် ချောင်းကမ်းပါးပြိုကျမှုများနှင့်အတူ မင်းကြီးရွာ၊ ကြိမ်ချောင်း၊ စံကားပင်ရင်း၊ ၀က်ကျိန်း၊ ပဒကားဒေ၀ါနာလီ၊မြ၀တီအစရှိသောကျေးရွာ (၁၀)ရွာခန့်တွင် လယ်ယာမြေဧကရာနှင့်ချီ၍ ရေထဲကျ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများ၏ပြောပြချက်အရသိရသည်။

ယင်းကဲ့သို့လယ်ယာမြေများဆုံးရှုံးမှုများကြောင့် ဒေသခံများတို့၏စားဝတ်နေရေးအခြေအနေနှင့် တိုက်ရိုက် အကျိုးသက်ရောက်မှုများ ရှိလာပြီးသားသမီးများ၏ ပညာရေးကဏ္ဍများကိုပါ သွယ်ဝိုက် ထိခိုက် လာကြောင်းကိုလည်းသိရသည်။

“လွန်ခဲ့တဲ့ဆယ်စုနှစ်ဝန်းကျင်လောက်မှစပြီးကမ်းပြိုမှုက တစ်နှစ်ထက်တစ်နှစ်များပြားလာတာပါ။ မိုးရာသီတစ်နှစ် မှာချောင်းကမ်း ပေ(၂၀)မှပေ(၃၀)အထိ တောင်ပြိုတယ်။ ဒီလိုကမ်းပြိုမှုများကြောင့် လယ်ယာမြေဧက များပိုင်ဆိုင်မှုနည်းပါးလာရတာကြောင့် မိသားစုစားဝတ်နေရေးအခြေအနေတွေယိမ်း ယိုင်ကုန်တယ်”ဟု မောင်တောမြောက်ပိုင်းပြူးမချောင်းကမ်း၊ မင်းကြီးကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှုးဦးသန်းဝေကပြောသည်။

ကမ်းပြိုမှုအားဟန့်တားထိန်းချုပ်နိုင်ရန်အတွက် ထိရောက်သည့်ကမ်းထိန်းနံရံများ တည်ဆောက်ကာကွယ်နိုင်ရန်မြို့နယ်အုပ်ချုပ် ရေးမှုး၊သက်ဆိုင်ရာမြို့နယ် ဆည်းမြောင်း ဦးစီးဋ္ဌာနမှတာဝန်ရှိသူများက ပြီးခဲ့သည့် ဇွန်လအတွင်းက အဆိုပါဒေသသို့ လာရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းကိုလည်း သိရသည်။

ထို့အပြင်သဘာဝဘေးကြောင့် ကမ်းပြိုရာတွင်ပါဝင်ခဲ့သူမြေဧကပိုင်ရှင်များအား ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။

“ဆုံးရှုံးမှု အနည်းအများအလိုက် ပေးခဲ့တာပါ၊ တစ်ယောက်မှအနည်းဆုံးနှစ်သောင်း အများဆုံး သုံးသောင်းပါပဲ”ဟု မင်းကြီးရွာမှ ရွာခံတစ်ဦးကပြောသည်။

ထိုကဲ့သို့ ထောက်ပံ့ကြေးငွေပေးအပ်မှုအားမြိ့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့်အဖွဲ့က ပေးအပ်ခဲ့ခြင်းဖြစ်ပြီးကျေး ရွာ(၄)ရွာဝန်း ကျင် မှ ဒေသခံရခိုင်လူမျိုးများ (၃၀)ကျော်ရရှိခဲ့ကြောင်းကိုလည်း ဒေသခံများထံကသိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့