Thursday, August 30, 2012

ထောင်ကျ INGO ဝန်ထမ်း သုံးဦး သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေး

ကျော်ဖုန်းကျော်
သြဂုတ်လ ၂၉ ရက် ၂၀၁၂ ခုနှစ်

ရခိုင်ပြည်နယ် လူမှုအဖွဲ့ ဆူပူအကြမ်းဖက်မှုတွင် ပါဝင်ကျူးလွန်ခဲ့၍ ထောင်ဒဏ် ကျခံနေရသော INGO ဝန်ထမ်း သုံးဦးကို သမ္မတ ဦးသိန်းစိန် က လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက်ကြောင်း သမ္မတရုံးက ထုတ်ပြန်
သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ဝန်ထမ်း ဒေါ်ချိုလေးမာနှင့် ဦးခင်မောင်၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP မှ ဦးခင်ရွှေတို့မှာ မောင်တောတရားရုံးမှ ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး ခြောက်ရက်
အကြာတွင် လွတ်မြောက်လာခြင်း ဖြစ်သည်။

မီးရှို့ရန် လောင်စာဆီ သိုလှောင်ထားရှိမှုနှင့် မီးရှို့မှုတို့အတွက် ဒေါ်ချိုလေးမာ အား ထောင်ဒဏ် ခြောက်နှစ်၊ ဆူပူမှုတွင် ပါဝင်ကာ နိုင်ငံတော် အကြည်ညိုပျက်အောင် ပြောဆိုမှုဖြင့် ဦးခင်မောင်ကို ထောင်ဒဏ် နှစ်နှစ်နှင့် ဆူပူမှုတွင် ပါဝင်ပြီး နိုင်ငံတော် အကြည်ညိုပျက်အောင် ပြောဆိုကာ နိုင်ငံခြားငွေ တရားမဝင် ကိုင်ဆောင်မှုကြောင့် ဦးခင်ရွှေကို ထောင်ဒဏ် သုံးနှစ် အသီးသီး ချမှတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆူပူအကြမ်းဖက်မှု အဆိုးရွားဆုံး ဖြစ်ပွားရာ ဒေသများအနက် ဘူးသီးတောင်နှင့် မောင်တော မြို့များသည် အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာ အများစုဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး အခက်အခဲနှင့် ဘာသာစကားအခက်အခဲ တို့ကြောင့် လွတ်လပ်သော သတင်း များ ရရှိရန် ခက်ခဲလှသည်။

ပဋိပက္ခနှင့် ပတ်သက်၍ ရခိုင်အမျိုးသားအချို့ အဖမ်းခံထားရဆဲဖြစ်ရာ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင်အမျိုးသား များ ထူထောင် ထားသော နေရဉ္စရာ သတင်းတပုဒ်တွင် မောင်တောမြို့ရှိ ရခိုင်များမှာ မကျေမနပ် ဖြစ်နေသည်ဟု ပါရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ချက်အရ ဆူပူမှုစတင်ရာ မောင်တောမြို့တွင် သေဆုံးသူ ၇ ဦးရှိခဲ့ကာ ၁၇ ဦး ဒဏ်ရာရခဲ့ပြီး အဆောက်အဦး ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။ ဇွန် ၈ ရက်နေ့က စတင်သော ဆူပူမှုက ရခိုင် ပြည်နယ် အတွင်း အနည်းဆုံး မြို့နယ် ရှစ်ခုသို့ ပြန့်နှံ့သွားကာ ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင် ဘာသာဝင်များအကြား တင်းမာ မှုကိုပါ ဖြစ်ပေါ်စေခဲ့သည်။

ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ထုတ်ပြန်ထားသော ညမထွက်ရ ကန့်သတ်မိန့်ကို ဖောက်ဖျက်သူ ၆၃ ဦးကို ထောင်ဒဏ် ခြောက် လစီ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု ပြည်နယ် အစိုးရ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစု ဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည် နယ် ဥပဒေချုပ် ဦးလှသိန်း က ဆိုသည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘာသာစကားတခုနှင့် ဆင်တူသော စကားကို ပြောဆိုကြသော ရိုဟင်ဂျာများကို မြန်မာ အစိုးရ နှင့် ပြည်သူအများစုက တရားမဝင် ရွှေ့ပြောင်းလာသူများဟု လက်ခံထားကြချိန်တွင် ဘင်္ဂလားဒေ့ရှ်ကလည်း ဆူပူမှုကြောင့် ထွက်ပြေး ခိုလှုံသူများကို ပြန်လည်မောင်းထုတ်ခဲ့ကြသည်။

ပဋိပက္ခနှင့် ပတ်သက်ပြီး အဖမ်းခံရသူ NGO ဝန်ထမ်းများအနက် ငါးဦးကို သြဂုတ်လ ၁၆ ရက်နေ့က လွှတ်ပေးပြီး ဖြစ်သည်။ ဆူပူအကြမ်းဖက်မှု တခုလုံးတွင် လူ ၈၇ ဦးသေဆုံးကာ ၁၂၀ ကျော် ဒဏ်ရာရရှိပြီး အိမ်ခြေ ၅,၃ဝဝ ကျော် ပျက်စီးဆုံးရှုံး သွားကာ လူပေါင်း ခုနှစ်သောင်းနီးပါးမှာ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေထိုင်နေရသည်ဟု ပြည်နယ် အစိုးရက ထုတ်ပြန်ထား သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့