Wednesday, August 29, 2012

ထိုင်းနိုင်ငံရှိ ရှမ်းဒုက္ခသည် စခန်းတခုအား ပြောင်းရွှေ့ရန် စီစဉ်နေဟုဆို

ဖနိဒါ
သြဂုတ်လ ၂၈ ရက် ၂၀၁၂ ခုနှစ်

နော်ဝေးအစိုးရမှ ကျောထောက်နောက်ခံပြု ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ထောက်ပံ့သည့် လုပ်ငန်းအစီအစဉ် Myanmar Peace Support Initiative (MPSI)တွင် ပါဝင်သော နော်ဝေးဒုက္ခသည် ကောင်စီမှ ထိုင်းနိုင်ငံ ဘက်
ခြမ်းရှိ ကွန်းကျော် ဒုက္ခသည် စခန်းအား စစ်ဒေသအတွင်းသို့ ပြောင်ရွှေ့ရန် စီစဉ်နေသည်ဟု ရှမ်းလူမှုအခြေပြုအဖွဲ့က ပြောဆို လိုက်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝင်းဟန်မြို့နယ်အတွင်း ကိုးနှစ်ကျော်ကြာ နေထိုင်နေသော ရှမ်းဒုက္ခသည် အိမ်ခြေ ၁၂၄ အိမ်မှ လူဦးရေ ၅၀၀ ကို ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်၊ မုံးထားဒေသသို့ ပြောင်းရွှေ့ရန် စီစဉ်နေသဖြင့် ဒုက္ခသည်များ အတွက် စိုးရိမ်ရကြောင်း တနင်္လာနေ့က ချင်းမိုင်မြို့တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ရှင်းလင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဘာကြောင့် ပြောင်းရမယ်ဆိုတာက ကျနော်တို့ ဒုက္ခသည်တွေကို မြန်မာပြည်က ငြိမ်းချမ်းသွားပြီ။ ဒါကြောင့် ဒီဒေသမှာ ရပ်ရွာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်မယ်။ သူတို့ကို ပြန်နေခိုင်းမယ်ဆိုတဲ့သဘောနဲ့ ပြောင်းဖို့ ရွှေ့ဖို့လုပ်တာ။ လက်ရှိ အချိန်မှာ တပ်တွေ ငြိမ်သက်မှု မရှိသေးတာရယ်၊ တပ်တွေ အများစုကြားမှာ ဒုက္ခသည်တွေကို ပြန်လည် နေရာချထားမှာ ဖြစ်တာရယ်။ အပစ်အခတ် ရပ်ဖို့ အချိန်မှာတောင် တိုက်ပွဲဖြစ်နေတယ်” ဟု ရှမ်းလူမှုအခြေပြုအဖွဲ့တွင် ပါဝင်သော ရှမ်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ တာဝန်ရှိသူ စိုင်းခေးဆိုင် က ပြောသည်။

ထိုသို့ စခန်းပြောင်းရွှေ့လိုက်ပါက ဒုက္ခသည်များ ကြုံတွေ့နိုင်သည့် အခက်အခဲများနှင့် ပတ်သက်၍လည်း “တိုက်ပွဲဖြစ် ရင် ဒုက္ခ သည် တွေက ဘယ်လို ပြေးရှောင်ရမှန်း မသိဘူး။ အသက်အန္တရာယ်လည်း ကြုံရဦးမယ်။ နောက် သူတို့ စားဝတ်နေရေး၊ ကျန်း မာရေး၊ ပညာရေး၊ လုပ်ကိုင်စားသောက်ဖို့ တိတိကျကျ အာမခံချက် မရှိဘူး။ ရေရှည်နဲ့ အနာဂတ် အာမခံချက်နဲ့ ဝေးသေးတယ်။ လုပ်ကိုင်စားသောက်ဖို့ မြေနေရာကလည်း ခက်ခက်ခဲခဲ ရှိသေးတာက တကြောင်း မပို့သင့်ဘူး ဆိုတာ ပြောချင်ပါတယ်” ဟု၎င်း က ဆက်ပြောသည်။

ပြောင်းရွှေ့ခိုင်းသည့် မုံးထားဒေသသည် မြန်မာအစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S တပ်ဖွဲ့များ ၂၀၁၁ ခုနှစ်၊ ဒီဇင်္ဘာလ ၂ ရက်နေ့က အပစ်အခတ် ရပ်စဲပြီးခဲ့နောက်ပိုင်း တိုက်ပွဲပေါင်း ၃၀ ကြိမ်ခန့် ပြန်လည် ဖြစ်ပွားခဲ့သည့် နေရာ တခု ဖြစ်သည်။
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ထဲတွင် ဒုက္ခသည်များ ပြောင်းရွှေ့ရေး ပါဝင်ခြင်း မရှိကြောင်းနှင့် ယခု ပြောင်းရွှေ့ မည့် ဒုက္ခသည်များအရေးနှင့် ပတ်သက်၍ မသိရသေးကြောင်း SSA-S မှ ပြောရေးဆိုခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

“ဒီကိစ္စက ကျနော်တို့နဲ့ မပတ်သက်ပါဘူး။ ကျနော်တို့ ကြည့်ရှုမှု အောက်မှာ မရှိပါဘူး။ ကျနော်တို့မှာ မှီခိုနေတဲ့စစ်ပြေးဒုက္ခသည် တွေ တပုံတပန်း ရှိပါတယ်။ သူတို့ကို ပြောင်းရွှေ့ဖို့ အစိုးရနဲ့ တခုမှ ဆွေးနွေးထားတာ မရှိဘူး။ စစ်ပြေးဒုက္ခသည်တွေကို ပြန်ရွှေ့ ပြောင်းဖို့ သဘောတူညီချက်ထဲမှ မရရှိသေးပါဘူး” ဟု မဇ္စျိမကို ပြောသည်။

သြဂုတ်လ ၂၄ ရက်နေ့က ရှမ်းလူမှုအခြေပြုအဖွဲ့မှ အဆိုပါ ကွန်းကျော် ဒုက္ခသည်စခန်းမှ ဒုက္ခသည်ပေါင်း ၁၂၄ ဦးအား သွား ရောက် တွေ့ဆုံ၍ မေးမြန်းခဲ့ရာ အများစုက မပြောင်းရွှေ့လိုကြကြောင်း စိုင်းခေးဆိုင်က ပြောသည်။

လက်ရှိ အခြေအနေထိ ထိုင်း အာဏာပိုင်များဘက်မှ ပြောင်းရွှေ့ရန် ဖိအားပေး ပြောဆိုလာခြင်း မရှိသေးကြောင်း သိရသည်။

တနင်္လာနေ့တွင် နော်ဝေးဒုက္ခသည်ကောင်စီမှ နိုင်ငံ ဒါရိုက်တာ ခရစ် ပလီးယားစ် Country director Chris Pleers ဦးဆောင်သော အဖွဲ့က ကွန်းကျော် ဒုက္ခသည်စခန်းတွင် စစ်တမ်း ကောက်မည်ဟု ဆိုသော်လည်း လာရောက် ကောက်ယူခြင်း မရှိခဲ့ပေ။

စက်တင်္ဘာလ ၁ ရက်နေ့တွင် Myanmar Peace Support Initiative (MPSI) က အဆိုပါ ရှမ်းလူထုအခြေပြု အဖွဲ့ဝင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် မိုင်းတုံ၊ မိုင်းထား၊ ဟိုမိန်းမြို့နယ်ခွဲနှင့် မိုင်းထား မြို့နယ်ခွဲများတွင် ပြည်တွင်း အိုးအိမ်ပစ် စစ် ပြေးဒုက္ခသည် IDP စခန်းပေါင်း ငါးခုရှိရာ ၎င်းတို့ကို ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ TBBC က ထောက်ပံ့ ပေးနေသည်။ လက်ရှိ ရှမ်းဒုက္ခသည် စုစုပေါင်း ၇,၀၀၀ ကျော်ရှိသည်ဟု သိရသည်။

သို့သော် လက်ရှိ ကွန်းကျော်ဒုက္ခသည်စခန်းမှာမူ ထိုင်းနိုင်ငံဘက်ခြမ်းတွင် ပါဝင်နေသဖြင့် TBBC မှ ဆားနှင့် ဆန်တို့ကို နား လည်မှုဖြင့် ထောက်ပံ့ပေးနေရာမှ ထပ်မံ ဖြတ်တောက်ခံနေရသည်ဟု ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း SWAN မှ ပြောသည်။

SSA-S နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ရှမ်းပြည်နယ် အလယ်ပိုင်း လင်းခေး၊ လယ်ချား၊ မိုင်းပန်၊ လွယ်လင်စသည့် မြို့နယ်များမှ ဒေသခံများက ၂၀၀၃ ခုနှစ်မှစတင်၍ ကွန်းကျော်ဒုက္ခသည် စခန်းတွင် နေထိုင်လာခဲ့ကြ သည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့