Monday, December 26, 2011

အအေးလိုင်းကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၅၈ ဦးသေဆုံး

12/25/2011

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ကျရောက်နေသော အအေးလိုင်းကြောင့် ယခုအချိန်ထိ သေဆုံးသူ ၅၈ ဦး ရှိသွားပြီ ဖြစ်ကြောင်း ဘင်္ဂလာ သတင်းစာများက ရေးသားဖေါ်ပြသည်။

သေဆုံး သူ ၁၃ ဦးမှာ မနေ့က တရက်တည်းတွင် သေဆုံးခဲ့ခြင်း ဖြစ်ပြီး ကျန် ၄၅ ဦးမှာ လွန်ခဲ့သော တပတ် အတွင်း သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူ အများစုမှာ သက်ကြီးရွယ်အိုများ ဖြစ်ကြပြီး ချမ်းအေးသည့် ဒဏ်ကို မခံနိုင်သဖြင့် သေဆုံးကြရခြင်း ဖြစ်သည်။ ရမ်ပူ တမြို့နယ်တွင် ယမန်နေ့က ၉ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် ကလေးငယ်များ ပါဝင်ကြောင်း ဆေးရုံက ထုတ်ပြန်သော စာရင်းအရ သိရသည်။


သေဆုံးသူများထဲမှ လူပေါင်း ၂၀ မှာ ဆီရဂင်ဂျီ ခရိုင်မှ ဖြစ်ပြီး ၇ ဦးမှာ ပိုင်ရိုဂျပူရ်မှ ဖြစ်သည်။

လက်ရှိ အပူချိန်မှာ ရာချာဟီခရိုင်တွင် ၆ ဒဿမ ၅ ဒီဂရီ စင်တီဂရိတ်ထိ လျော့ကျခဲ့ကြောင်း သိရသည်။

ယခု အချိန်ထိ အပူချိန် လျော့ကျနေပြီး ဘင်္ဂလာဒေခ်ျ့ တနိုင်ငံလုံးကို မြူခိုးများ ဖုံးအုပ်နေသဖြင့် တချို့ ဒေသများတွင် နေကို မမြင်ရသည်မှာ ရက်သတ္တပတ် ချီပြီး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

၎င်းပြင် သက်ကြီး ရွယ်အိုများနှင့် ကလေးသူငယ်များတွင် အအေးနှင့် သက်ဆိုင်သော ရောဂါများကို ခံစားနေကြရကြောင်း ဘင်္ဂလား သတင်း အေဂျင်စီ သတင်းများအရ သိရှိရသည်။

မြန်မာနိုင်ငံဘက် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်လည်း အအေးလိုင်း ၀င်ရောက်နေရာ အချမ်းဒဏ် လွန်ကဲနေပြီး လူအများမှာ အနွေးထည်နှင့် စောင်များ မလုံလောက်သဖြင့် နံနက် ၂ နာရီကျော်မှ စတင်ပြီး မီးဖိုကာ အအေးဒဏ်ကို ကာကွယ်နေရသည်ဟု နံသာတောင် ကျေးရွာသား တစ်ဦးက ပြောသည်။

သက်ကြီးရွယ်အိုများ မြန်မာဘက်တွင်လည်း သေဆုံးနိုင်ဖွယ် ရှိကြောင်း၊ သို့သော်လည်း ယခုအချိန်ထိ သတင်းများ မရရှိကြောင်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ ကချင်ပြည်နယ်၏ ညအပူချိန်မှာ ဒီဇင်္ဘာလ၏ ပျှမ်းမျှ အပူချိန်အောက် ၅ ဒီဂရီ စင်တီဂရိတ်ထိ လျှော့ကျခဲ့ကြောင်း မြန်မာ့ အလင်း သတင်းစာအရ သိရသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့