Wednesday, December 28, 2011

'ခွေးကို အဖေခေါ်တဲ့သူ' တရားဟော ဒယ်အိုးဆရာတော် တနှစ်ပိတ်ခံရ

မျိုးသန့်
ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ်

ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များကို တရားဟောပြောခွင့် ပိတ်ပင်ခြင်းသည် ဗုဒ္ဓဘာသာ တရားတော်များအရ အလွန် အပြစ် ကြီးမားကြောင်း ‘ခွေးကို အဖေခေါ်တဲ့သူ’ တရားတော်တွင် ထည့်သွင်း ဟောပြောခဲ့သည့် ရန်ကုန်တိုင်း မှော်ဘီ မင်္ဂလာ ကျောင်း တိုက်မှ ဓမ္မကထိက ဆရာတော် ဦးသုမင်္ဂလအား နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့မှ တရားဟောပြောခွင့် တနှစ် ပိတ်ပင်လိုက်သည်။

ဘုရားဟော ဝတ္ထုတပုဒ်ဖြစ်သည့် ‘သုဘ ဝတ္ထု’ တွင် သုဘ၏ ဖခင်ဖြစ်သူ တောဒေယျပုဏ္ဏားမှာ အလှူအတန်းတွင် အလွန်နှ မျော တွန့်တိုတတ်ခြင်းကြောင့် ကွယ်လွန်သည့်အခါ သားဖြစ်သူ သုဘ၏ အိမ်တွင် ခွေးပြန်ဖြစ်သည်ကို ခိုင်းနှိုင်းကာ တရားပွဲများ ပိတ်ပင်သည့် ပုဂ္ဂိုလ်များသည်လည်း ထိုသို့ဖြစ်နိုင်ကြောင်း ‘ခွေးကို အဖေခေါ်တဲ့သူ’ တရားတွင် ထည့်သွင်း ဟောကြားခဲ့ခြင်း ကြောင့် တရားပွဲပိတ်ပင်ခံရခြင်းဟု ဒယ်အိုးဆရာတော်ဟု လူသိများသည့် ဆရာတော် ဦးသုမင်္ဂလက မဇ္ဈိမကို အမိန့်ရှိသည်။


"သာမန်အလှူအတန်းပိတ်တာတောင်မှ ခွေးဖြစ်တယ်။ အခု တရားပွဲတွေ ပိတ်တဲ့အလုပ်က အလွန်အပြစ်ကြီးတဲ့ အလုပ်။ မလုပ် သင့်တဲ့အလုပ် တရားပွဲတွေကို ပိတ်ပင်နေတာ တားမြစ်နေတာ အဲဒီတော့ အဲဒါက ခွေးထက်ဆိုးတဲ့ အပြစ်ဖြစ်လိမ့်မယ်။ အဲဒါ စိုးရိမ်လို့ သနားလို့ပြောတာ၊ မမှားရအောင်ပြောတာဆိုပြီး ထည့်ပြော လိုက်တယ်။ တရားပွဲကို ဘယ်သူပိတ်တယ်၊ ဘယ်ဝါ ပိတ် တယ်လို့ ဘယ်အစိုးရ ဘယ် အဖွဲ့အစည်းကိုမှ ထည့်ပြောမထားဘူး။ မပြောထား ပေမယ့် အဲဒီလို သူတို့ဟာသူတို့ ကောက်ချက် ဆွဲသွားတာတော့ ငါလည်း မတတ်နိုင် ဘူးကွာ။" ဟု ဆရာတော်က မိန့်သည်။

ဤတရားကို ဆရာတော်က ၃ဝ၊ ၁ဝ၊ ၂ဝ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ရှမ်းစု ရပ်ကွက်၊ အောင်ချမ်းသာ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ကျင်းပသော ဓမ္မသဘင်၌ ဟောပြောခဲ့ခြင်း ဖြစ်သည်။

ဆရာတော်၏ ဟောပြောချက်အား ပြည်ထဲရေးဝန်ကြီးဌာနမှ သမ္မတရုံးသို့တင်ပြခဲ့ရာမှ ဒီဇင်္ဘာ ၉ ရက်နေ့က ကျင်းပသော မဟန အစည်းအဝေးမှ ဆုံးဖြတ်ချက်ချ၍ တရားဟောခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

မဟန မှ ဒယ်အိုးဆရာတော်သို့ ပေးပို့သည့် တရားဟောခွင့် ပိတ်ပင်သည့် လျှောက်ထား ပန်ကြားလွှာတွင် ၂ဝ၁၁ ဒီဇင်္ဘာ ၉ ရက်နေ့မှ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့အထိ မြန်မာတနိုင်ငံလုံး တနှစ်တိတိ တရားဟောခွင့် မပြုဟုဖေါ်ပြပါရှိသည်။

အဆိုပါစာတွင် "ထေရဝါဒ ပိဋိကတ်တော်နှင့် မညီညွတ်သော စာသားများကို ထည့်သွင်းဟောကြားသောကြောင့် လည်းကောင်း၊ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်တို့ကို ထိပါးပုတ်ခတ်သောကြောင့်လည်းကောင်း" တရားဟောခွင့် ပိတ်ပင်ခြင်းဟုလည်း ဖေါ်ပြ ပါရှိသည်။

သို့သော် ဒယ်အိုးဆရာတော်ကမူ သူ့တရားနှင့် ပတ်သက်၍ "သုဘ ဝတ္ထုကို ခေါင်းစဉ်ပြောင်းထားတာပဲရှိတယ်။ ဘုရားဟော အတိုင်း တလုံးမှ မလွဲဘူး။" ဟု မဇ္ဈိမကို ဆက်လက် မိန့်ကြားသည်။

ဒယ်အိုးဆရာတော်သည် မြန်မာနိုင်ငံအတွင်းရှိ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသည့် အသင်းအဖွဲ့များကို ဖိတ်ခေါ်ကာ “ စုံနံ့ သာမြိုင် ပရဟိတ အသင်းအဖွဲ့များ နှီးနှောဖလှယ်ပွဲ” ကို စက်တင်ဘာလ နှစ်ရက်နေ့နှင့် သုံးရက် နေ့များက ကျင်းပခဲ့သေးရာ မဟန သို့ ကြိုတင်လျှောက်ထား ခွင့်ပြုချက် မယူခြင်းကြောင့် ခေါ်ယူ သတိပေးခံခဲ့ရသေးသည်။

‘အပယ်ငရဲ ရောက်မည်’ ဆိုသည်ကို ‘ဒယ်အိုး ရောက်သွားမယ်’ဟု သုံးနှုန်း ဟောပြောလေ့ရှိသဖြင့် ဆရာတော် ဦးသုမင်္ဂလအား ‘ဒယ်အိုးဆရာတော်’ တွင်နေရခြင်း ဖြစ်သည်။

ယင်းအပြင် ရွှေညဝါဆရာတော်ဟု ထင်ရှားသည့် ကြည့်မြင်တိုင် သာဓုပရိယတ္တိကျောင်းတိုက်၏ အုပ်ချုပ်စီမံ ပညာရေးတာဝန်ခံ တိုက်ကြပ်ဆရာတော် ဦးပညာသီဟကိုလည်း ယခုနှစ် ဖေဖေါ်ဝါရီလမှစ၍ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ အထိ မဟနမှ တရား ဟောခွင့် ပိတ်ပင်ခဲ့သေးသည်။

အဆိုပါ တားမြစ်မှုအပြီး ရွှေညဝါ ဆရာတော်မှာ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးတွင် ကမ္ဘာ့ဒီမိုကရေစီ နေ့က တရားဟောခဲ့သည့် အတွက် သီတင်းသုံးရာ သာဓုပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားရန် မဟနမှ ဒီဇင်ဘာလ ၁၂ ရက်နေ့ က စာပေးပို့ ညွှန်ကြားခဲ့သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဒယ်အိုးဆရာတော်က "သာသနာ သိက္ခာကျတယ်ကွာ၊ နောက်ပြီးတော့ တကယ်ဆိုရင် သံဃာတော် တွေဟာ သာသနာတော်ကို ဝိုင်းဝန်း စောင့်ရှောက်ကြရမှာကိုးကွ။ တကယ်လို့ မှားနေတယ် ဆိုရင် တောင်မှ သံဃာ့နာယက က ခေါ်ယူပြီး ဆုံးမခြင်း၊ လမ်းညွှန်ပေးခြင်း၊ သတိပေးခြင်း၊ တည့်မတ်ပေးခြင်းသာ ပြုသင့်တယ်။ ဒို့ အကျိုးဆောင်နေတဲ့ ပုဂ္ဂိုလ် တွေကိုတောင် နှောက်ယှက်နေတယ်ဆိုရင် ဒီသာသနာအတွက်က မကောင်းဘူး။" ဟု မဇ္ဈိမကို ဆက်လက် မိန့်ကြားသည်။

ရွှေညဝါဆရာတော်က မဟနထံသို့ "သာဓုကျောင်းတိုက်တွင် ဆက်လက် သီတင်းသုံးခွင့်ပြုရန်နှင့် သာသနာပြု လုပ်ငန်းများ လုပ် ကိုင် ခွင့်ပြုရန် ယခုလ ၁၆ ရက်နေ့တွင် အသနားခံစာ ပြန်လည်ပေးပို့ခဲ့သည်။ သို့သော် အဆိုပါ အသနားခံစာနှင့် ပတ်သက် ၍ မဟန ထံမှ ပြန်ကြားချက် တစုံတရာ မရှိသေးဟုလည်း သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့