Tuesday, December 27, 2011

ကျောက်ဖြူ၌ ကျင်းပမည့် RNDP လူထု စည်းဝေးပွဲ ခွင့်ပြုချက်မရသေး

12/26/2011

ကျောက်ဖြူမြို့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ကျင်းပပြုလုပ်မည့် လူထု စည်းဝေးပွဲအတွက် ရွှေးကောက်ပွဲ ကော်မရှင်ထံမှ ခွင့်ပြုချက်မရသေးဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။

" ကျွန်တော်တို့က ဒီလ ၂၁ ရက်နေ့ကတည်းက မြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်ဆီမှာ ခွင့်ပြုချက် တောင်းခံထားပါတယ်။ စည်းဝေးပွဲက ဇန္န၀ါရီလ ၁ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ရက်တွေ နီးလာပေမယ့် ခွင့်ပြုချက်က မရဘဲ ဖြစ်နေပါတယ်" ဟု ကျောက်ဖြူ ရုံးမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးသန္တာမောင်မောင်က ပြောသည်။

အဆိုပါ လူထု စည်းဝေးပွဲအား ကျောက်ဖြူမြို့ နာရီစင်ကွင်းတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်၊ ဒုဥက္ကဌ ဦးတင်ဖေ၊ အထွေထွေ အတွင်းရေးမှူး ဦဦးလှစော၊ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင် အပါအ၀င် ပါတီ ထိပ်တန်း ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

" ခေါင်းဆောင်တွေ အကုန်လုံး အခု ပြုလုပ်မယ့် လူထု စည်းဝေးပွဲကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။ မြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်ကို တရားဝင် စာတင်ပြီး ခွင့်ပြုချက်တောင်းပေမယ့် ဗဟိုက အမိန့်မရောက်လာသေးတဲ့ အတွက် ဘာမှ မပြောနိုင် သေးဘူးလို့ ပြောပါတယ်" ဟု သူက ဆက်ပြောသည်။

ယခင် ဦးဥတ္တမ နေ့ အခမ်းအနား ကျင်းပခဲ့စဉ်တုန်းကလည်း ခွင့်ပြုချက် တောင်းခံသော်လည်း ခွင့်ပြုချက် မပေးခဲ့သဖြင့် ကိုယ့် နည်း ကိုယ်ဟန်ဖြင့် ကျင်းပပြုလုပ်ခဲ့ရသည်ဟု သူက ပြောသည်။

" အခု လူထု စည်းဝေးပွဲကို ခွင့်ပြုချက် မပေးရင်လည်း ကျွန်တော်တို့က ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ တရားဝင် ရပ်တည် လူပ်ရှားနေတဲ့ ပါတီ တစ်ရပ်အနေနဲ့ ခုလို လူုထု စည်းဝေးပွဲမျိုးတွေကို လုပ်ဖို့လိုအပ်တယ်လို့ ယူဆတဲ့ အပြင် ဒီပွဲမျိုးကို နိုင်ငံရေး ပါတီ တစ်ခု အနေနဲ့ လုပ်ခွင့် မရှိဘူးဆိုရင် ဒီမိုကရေစီလို့ ပြောနေတာဟာ အဓိပ္ပါယ် မရှိဘူးလို့ ထင်ပါတယ်" ဟု ဦးသန္တာ မောင်မောင်က ပြောသည်။

မြန်မာနိုင်ငံ အစိုးရမှ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ တက်လှမ်းနေပြီ ဖြစ်ကြောင်း ပြောဆိုနေသော်လည်း တရားဝင် ပါတီ တစ်ခု၏ လူထု အစည်းအဝေး ပြုလုပ်မည့် အစီအစဉ်ကို ရွှေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုချက် ချမပေးဘဲထားခြင်း ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အပြောနှင့် လက်တွေ့ လုပ်ရပ် မကိုက်ညီဘဲ ဖြစ်နေမူ အပေါ် ဒေသခံများ အကြား မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း ကျောက်ဖြူက လာသော သတင်းများအရ သိရသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့