Thursday, December 29, 2011

လူ့​အခွင့်​အ​ရေး​ကော်မရှင် အင်း​စိန်​ထောင် ဝင်ရောက်စစ်ဆေး

December 28, 2011
မင်းလွင်

အမျိုး​သား​ လူ့​အခွင့်​အ​ရေး​ကော်မရှင်အဖွဲ့​ဟာ ဒုတိယ​မြောက်​နေ့​အဖြစ် အင်း​စိန် ​ထောင်ကို ဝင်​ရောက်ပြီး​တော့​ အကျဉ်း​သား​ အ​ခြေအ​နေ​တွေ စစ်​ဆေး​ခဲ့​တယ်လို့​ အင်း​စိန်​ထောင်နဲ့​ နီး​စပ်သူ​တွေက ​ပြောပါတယ်။

အမျိုး​သား​ လူအခွင့်​အ​ရေး​ကော်မရှင်က အင်း​စိန်​ထောင်တွင်း​ကို စစ်​ဆေး​နေ​ပေမယ့်​ အင်း​စိန်​ထောင်ထဲက နိုင်ငံ​ရေး​အကျဉ်း​သား​တွေရဲ့​ ကျန်း​မာ​ရေး​ အ​ခြေအ​နေက​တော့​ ဆိုး​ရွား​နေတယ်လို့​ နီး​စပ်သူတဦး​က ​ပြောပါတယ်။

“ကိုသက်နွယ်ကလည်း ​ အ​ခြေအ​နေ မ​ကောင်း​ဘူး​လေ၊​ ကိုသန်း​နိုင်ကလည်း​ HIV နဲ့​တူတယ်။ ​နောက် တခြား​ ကင်ဆာ၊​ တီဘီ ဖြစ်​နေတဲ့​ ​ရောဂါသည်​တွေ အများ​ကြီး​ ရှိ​နေတယ်။ ​နောက် မိန်း​က​လေး​ထဲကဆိုရင် ခင်ခင်နုတို့​။”


ဒီအ​တောအတွင်း ​ နယ်အ​ဝေး​က ​ထောင်​တွေမှာရှိတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တချို့​ ​ထောင်အ​ပြောင်း​အ​ရွှေ့​ ရှိတယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို အကူအညီ​ပေး​နေသူ​တွေက ​ပြောပါတယ်။

ကသာ​ထောင်မှာ နှစ်ရှည်ကျခံ​နေရတဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​က မမီး​မီး​ ​ရွှေဘို​ထောင်ကို ​ပြောင်း​ရွှေ့​ခံရတာနဲ့​ ပတ်သက်ပြီး​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို အကူအညီ​ပေး​နေတဲ့​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ခုလို ​ပြောပါတယ်။

“ကသာက မီး​မီး​ခေါ် သင်း​သင်း​အေး​ကို မ​နေ့​ညက ​ပြောင်း​တယ်။ ဒီ​နေ့​ ​ရွှေဘို​ထောင် ​ရောက်​နေပြီ။ အဲဒီ​တော့​ ဘယ်လို ​ပြောရ မှန်း​တောင် မသိ​တော့​ဘူး​။ ဒီ တရက် နှစ်အတွင်း​ လွတ်မယ့်​လူကို ဒီလို ​ထောင်​ပြောင်း​တယ်ဆိုတာ ဘယ်​လောက် ဒုက္ခ​ရောက် လဲဆိုတာ လူတိုင်း​ သိတယ်ဗျာ။ မလုပ်သင့်​တဲ့​ ဟာကို ​လျှောက်လုပ်​နေတဲ့​ သ​ဘော ဖြစ်​နေတယ်။ အမှန်က ​ထောင်​ပြောင်း​ပြီ ဆိုရင် တ​ယောက်​တော့​ မကဘူး​ဗျ၊​ သူက အတွဲလိုက် သွား​မှာပဲ။”

နိုင်ငံ​ရေး​ အကျဉ်း​သား​တွေကို ဇန်နဝါရီလ ၄ ရက်​နေ့​နဲ့​ ​ဖေ​ဖော်ဝါရီ ၁၂ရက်​နေ့​ ​တွေမှာ နှစ်ခါခွဲပြီး​ လွှတ်​ပေး​မယ်လို့​ ရထား​ဝန်ကြီး​ ဦး​အောင်မင်း​က တိုင်း​ရင်း​သား​ခေါင်း​တွေကို ​ပြောထား​တဲ့​ သတင်း​တွေလည်း​ ထွက်​ပေါ်​နေချိန်မှာ ခုလို လူ့​အခွင့်​အ​ရေး​ကော်မရှင်က အင်း​စိန်​ထောင်ထဲ ပထမဆုံး​အကြိမ် သွား​ရောက်စစ်​ဆေး​ခဲ့​တာပါ။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့