Thursday, December 29, 2011

လူသား စာကြည့်တိုက် ဘေဂျင်းတွင် ပထမဆုံးဖွင့်လှစ်

28 December 2011

စိတ်ဝင်စားဖွယ်ရာဖြစ်သည့် ဖတ်ရှုနေသော စာအုပ်ထဲမှ ဇာတ်ကောင်နှင့် တွေ့ဆုံဆွေးနွေး လိုပါသလား။ ဖြစ်နိုင်ချေ ရှိနေလေ သည်။ ဘေဂျင်းမြို့ စာချစ်သူများအတွက် ဤကဲ့သို့သော အခွင့်အလမ်းကို အသက် ၂၈ နှစ် အရွယ် အမျိုးသမီးတစ်ဦး စတင် အကောင် အထည် ဖေါ်လိုက်ခြင်းပင်။

ယခု ခရစ္စမတ်နေ့တွင် သူမ ငယ်စဉ်က အိပ်မက်ကို လီဇင်နင်းက လက်တွေ့ အကောင်အထည် ဖေါ်နိုင်ခဲ့ သည်။ "လူသား စာကြည့် တိုက်" ကို တကယ့်လူသား အစစ်များဖြင့် ဖွင့်လှစ် နိုင်လိုက်ခြင်းဖြစ်၏။ ဘေဂျင်းအတွက် ပထမဆုံးသော လူသား စာကြည့်တိုက် လည်းဖြစ်သည်။ စာဖတ်သူ တဒါဇင်ကျော်နှင့် "ရှင်သန်နေသော စာအုပ်" ခြောက်ယောက်တို့က သူတို့၏ ဇာတ် လမ်းများ၊ တွေးခေါ် စဉ်းစားမှုများကို အပြန်အလှန် မျှဝေ ဆွေးနွေးနေကြခြင်းပင်။


လူသားစာကြည့်တိုက်တွင် စာအုပ်များမှာ တကယ့် လူသားများဖြစ်ကြပြီး တိုက်ရိုက် ဒိုင်ယာလော့ ပုံစံဖြင့် စာဖတ်သူနှင့် ပါဝင် ဆက်သွယ်ခြင်းပင်ဖြစ်သည်။ ရှင်သန်နေသော စာအုပ် - ဆိုသည်မှာလည်း လူသားတစ်ဦးပင်ဖြစ်ပြီး အုပ်စုအတွက် ရွေးချယ်ထား ရှိသူ ကိုယ်စားလှယ်ဟု ပြောနိုင်သည်။

"ကျမတို့ ဒီမှာ စိတ်ဝင်စားဖွယ်ရာ ဘ၀ဇာတ်လမ်း အထွေထွေနဲ့ သူတွေကို သိခွင့်ရှိနေတယ်လေ။ မျှဝေနိုင်ကြပါတယ်။ သူတို့ ဘယ်သူတွေလည်း ဆိုတာကို သိနားလည်ခွင့် ရရှိတယ်။ အဲဒီလို မတူတဲ့ ဘ၀မျိုးကို ဘာကြောင့် ရွေးချယ် နေထိုင်ခဲ့ကြသလဲ ဆိုတာကိုလည်း လေ့လာနိုင်တယ်။" လီက ရှင်းပြသည်။

ဗိသုကာပညာရှင်တစ်ဦးဖြစ်သူ လီက လူများအကြားတွင် အပြန်အလှန် နားလည်မှု ပလက်ဖေါင်းလေးတစ်ခုကို သူမ၏ ဤစာကြည့်တိုက်က ပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

လူသားစာကြည့်တိုက် အယူအဆကို သက္ကရာဇ် ၂၀၀၀ ခုနှစ်က ဒိန်းမတ်နိုင်ငံတွင် စတင်သန္ဓေတည် ခဲ့ပြီး ယခုအခါတွင် နိုင်ငံ ၄၅ နိုင်ငံတွင် လူသားစာကြည့်တိုက်များ ထားရှိပြီဖြစ်ပါသည်။ တရုတ်နိုင်ငံတွင်လည်း ရှန်ဟိုင်းနှင့် ဂွမ်းဇူမြို့ကြီးများတွင် ဖွင့်လှစ်ထားရှိသည်။

ရှင်သန်နေသော သက်ရှိစာအုပ် တစ်အုပ်ဖြစ်သူ ယူက ကိုးလခန့် အနောက်တောင် တရုတ်ပြည်ရှိ ယူနန်နယ်မှ ဘေဂျင်းအထိ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာ နေထိုင်ခဲ့သည်။ ငွေစ အနည်းငယ်နှင့် ဂစ်တာ တစ်လက်သာ ပါရှိခဲ့သည်။

"ကျနော်ပြောချင်တာက ဒီလိုပါ။ ကျနော်တို့ရဲ့ သက်သောင့်သက်သာရှိတဲ့ ကိုယ်ပိုင် ဇုံငယ်လေး အထဲကနေ အပြင်ကိုထွက် လိုက်တာနဲ့ အရင်တုန်းက စိတ်ကူးလို့တောင်မှ မရတဲ့ ဘ၀ရဲ့ အလှတရား တွေကို တွေ့ရှိနိုင်တာပါပဲ။"

စာကြည့်တိုက်ကို အွန်လိုင်းအနေဖြင့်လည်း ထားရှိသည်။ ဘေဂျင်းအပြင်မှ လူများအနေဖြင့်လည်း မျှဝေနိုင်ကြလေသည်။

"ရှင်သန်နေသော စာအုပ်များ" ကို သူတို့၏ မျှော်လင့်ချက် အိပ်မက်များနောက်သို့ လိုက်နေကြစဉ်ဝယ် ရွေးချယ်ခြင်းဖြစ်သည်ဟု လီက ရှင်းပြသည်။ နေ့စဉ်ပင် လူသားစာအုပ်တစ်အုပ် စာကြည့်တိုက်တွင် ရှိနေမည်ဖြစ်သည်။ သို့ရာတွင် စာဖတ်သူများအနေဖြင့် "ရှင်သန်နေသော စာအုပ်" ကို အိမ်သို့ ငှါးရမ်းခွင့်တော့ မရှိပါ။

Ref: မောက္ခ

0 comments:

အပေါ်သို့