Monday, December 26, 2011

နိုင်ငံရေးအကျဉ်းသား အရေအတွက် ကွဲလွဲနေဆဲ

December 25, 2011
နေသွင်

နိုင်ငံရေးအကျဉ်းသား အရေအတွက်နဲ့ ပတ်သက်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေမှာ ကွဲလွဲမှုတွေ ဖြစ်နေဆဲပါ။

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အေအေပီပီလို့ခေါ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေ စုဆောင်း တင်ပြနေတဲ့ အဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၉၁၈ ဦး ရှိနေတယ်လို့ ဆိုပါတယ်။ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က သူတို့အဖွဲ့ရဲ့ ဒီကိန်းဂဏန်းဟာ ခိုင်လုံတိကျတဲ့ အနည်းဆုံး အရေအတွက်ဖြစ်ပြီး ဒီထက်ပိုနိုင် တယ် လို့ အခုလိုပြောပါတယ်၊

“သီးသန့် အကျဉ်းသားရှိတယ်။ သာမာန် သီးသန့် အကျဉ်းသားရှိတယ်။ သီးသန့် အကျဉ်းသားရော သာမာန် သီးသန့် အကျဉ်းသား ရောက နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ထိမ်းသိမ်းထားတဲ့သူတွေချည်းပဲ။


ဆက်စပ် ဖမ်းဆီး ထိန်းသိမ်းထားတဲ့အထဲမှာ သာမာန်သီးသန့် အကျဉ်းသားရော မပါတဲ့သူတွေ ရှိပါသေးတယ်။ အပြန်ပြန် အလှန်လှန် စိစစ်ပြီးတော့ ဘယ်ထောင်မှာ ဘယ်သူတွေ ရှိတယ်။ ဘယ်ပုဒ်မနဲ့ ဖမ်းထားတယ်။ သူတို့ရဲ့ အချက်အလက် ပြည့်ပြည့်စုံစုံ အတိအကျ ဖြစ်ပြီးတာက ၉၁၈ ယောက်ဆိုတာ ကျနော်တို့ အေအေပီပီက confirm (အတည်ပြု) စာရင်း ဖြစ်ပါတယ်။”

အေအေပီပီက တင်ပြတဲ့ ၉၁၈ ဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စာရင်းနဲ့ နှစ်ဆလောက် များနေပါတယ်။

အကျဉ်းသားစာရင်းပြုစုတဲ့ အဖွဲ့မှာ ပါတဲ့ ဦးကြည်တိုးက အန်အယ်ဒီ ကိန်းဂဏန်းဟာ နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီ ပေး ဖို့ ဖွဲ့ထားတဲ့ အဖွဲ့ချုပ်ရဲ့ လူမှုအထောက်အကူပြုအဖွဲ့ရဲ့ ကိန်းဂဏန်း၊ သက်ဆိုင်ရာ ဒေသအလိုက် ပါတီအဖွဲ့ဝင်တွေက စု ဆောင်းပေးပို့တဲ့ အချက်အလက်တွေအပေါ် အခြေခံ ပြုစုထားတာလို့ ပြောပါတယ်။

စာရင်းထဲမှာ အဖွဲ့ချုပ်ဝင်တွေသာမက၊ နိုင်ငံရေးနှင့် ပတ်သက်လို့ အဖမ်းခံထားရသူတွေ အားလုံးကို ပြုစုထားတာလို့ ပြောပါတယ်။

“ထောင်ရှိတဲ့မြို့တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေဟာ အဖွဲ့ချုပ်ဝင်တွေတင် မဟုတ်ဘဲ ဘယ်သူ့ကိုမဆို ထောင်ဝင်စာလာ တဲ့ မိသားစုတွေကို​ ​စောင့်ရှောက်​ ​ဆောင်ရွက်ပေးနေတာတွေ ရှိတယ်။ အဲဒီကနေ သတင်းရတာတွေ ရှိတယ်။ အဓိကကျတဲ့ အချက်က ဗဟိုလူမှု အထောက်အကူပြုဆိုတာ ရှိပါတယ်။ အဲဒီကနေ ထောက်ပံ့ငွေ ပေးနိုင်တာက တဦးကို ၅၀၀၀ ကျပ်ပဲ ပေးနိုင်တယ် ဆိုပေမယ့် အဲဒီကနေ မိသားစုတွေကို ​နွေးနွေးထွေးထွေး​ ​ကြိုဆိုနိုင်တယ်၊​ ​စောင့်ရှောက်နိုင်တယ်၊ သတင်း အချက်အလက် ရတယ်။ အဲဒီအပေါ်မှာ အခြေခံပါတယ်။ နောက် အေအေပီပီကလည်း ယူပါတယ်။ အစိုးရဆီက ရနိုင်သမျှ သ တင်း ကိုလည်း ကျနော်တို့ယူပါတယ်။ ယူပြီးတော့ ကျနော်အပါအ၀င် ပြုစုတာပါပဲ။ ၅၉၁ ယောက်က နောက်ဆုံး အနေအထား မှာ ရှိပါတယ်။”

ဒါပေမယ့် အန်အယ်ဒီရဲ့စာရင်းမှာ လက်လှမ်းမမှီလို့၊ အဖွဲ့ချုပ်ကို လာမဆက်သွယ်တဲ့ နိုင်ငံရေးအကျဉ်းသားတချို့ရှိနိုင်တယ်လို့ ဦးကြည်တိုးက ပြောပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းက အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ ယုံကြည်ချက် ကြောင့်အကျဉ်းကျခံနေရသူ ၃၀၀ ၀န်းကျင်ရှိတယ်လို့ အခိုင်အမာပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက နိုင်ငံရေးအကျဉ်းသားတွေကို ဇန်န၀ါရီလဆန်းမှာ နှစ်သုတ်ခွဲပြီး လွတ်ပေးဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။

အေအေပီပီအတွင်းရေးမှူး ဦးတိတ်နိုင်ကတော့ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမှ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်မယ်လို့ ပြောပါတယ်။

“ချွင်းချက်မရှိ အကုန်လုံး နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားတဲ့ လူမှန်သမျှ အကုန်လုံး လွှတ်ပေးလိုက်တယ် ဆိုတာမျိုးက ဒါ တကယ်စစ်မှန်တဲ့ ရင်ကြားစေ့ရေးကို သွားနေတယ်ဆိုတဲ့ ကိစ္စက ကျနော်တို့ တစုံတရာ လက်ခံလို့ ရမှာပါ။ ဖမ်းဆီးထိန်းသိမ်း ထား တဲ့ လူတွေဆိုတာ ဒီကနေ့ အစိုးရက အရင်တုန်းက အစိုးရပါပဲ။ သူတို့ ဘာကြောင့် ဖမ်းဆီးထိန်းသိမ်းထားသလဲဆိုတာ ကာယံကံရှင်ကိုယ်နှိုက်က သိကို သိရမှာဖြစ်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်လို့တော့ အစိုးရကတော့ မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသားမရှိဘဲ တည်ဆဲဥပဒေကို ချိုးဖောက်လို့ ဖမ်းဆီးထားသူတွေပဲ ရှိတယ်လို့ ဖြေရှင်းချက်ထုတ်လေ့ရှိပြီး၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ အဲဒီဥပဒေပုဒ် တွေဟာ လိုရာဆွဲဖန်တီးထားတဲ့ ဥပဒေတွေဖြစ်တယ်လို့ ဆိုကြပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့