Monday, December 26, 2011

ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပမည်ဟု ကော်မရှင် ကတိပေး

December 24, 2011
နေသွင်

ကြားဖြတ်ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်အောင် စီစဉ်ပေးမယ်လို့ မနေ့က ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်မှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဦးတင်အေးက ကတိပေးလိုက်ပါတယ်။

ပါတီမှတ်ပုံတင်ဖို့ အတူလိုက်ပါသွားတဲ့ ဦးဉာဏ်ဝင်းက “ကော်မရှင် ဥက္ကဋ္ဌက အဓိကက အချက် ၂ ချက် ပြောတယ်။ ပထမ တချက်ကတော့ သူက ရွေးကောက်ပွဲ​ ​ကော်မရှင်ဥက္ကဋ္ဌ ဖြစ်တဲ့အတွက် လာမယ့်ရွေးကောက်ပွဲမှာတရားမျှတမှု ရှိအောင် ကြိုးစားဖို့ သူဆောင်ရွက်မယ်။ ဒါသူ့ရဲ့ တာဝန်ဖြစ်တယ်။ ​ပြီးခဲ့တဲ့ရွေးကောက်ပွဲ အတွေ့အကြုံတွေ အရလည်း ပြုပြင်ဖို့ လိုအပ်တာတွေ လုပ် သွား မယ်။ ဒုတိယတချက်က တိုင်းပြည်ကြီးပွားတိုးတက်ဖို့ လိုအပ်နေတယ်။

လိုအပ်နေတာကို အားလုံး ပူးပေါင်းဆောင်ရွက်ရင် ပိုမိုအောင်မြင်မှု ရရှိမယ်ဆိုတာကို ပြောပါတယ်။ အဓိက ဒီအချက် ၂ ချက်ကို မူတည်ပြီး ပြောပါတယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မန္တလေး တိုင်း၊ တံတားဦးမြို့နယ်ကနေ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး၊ ဖေဖော်ဝါရီလက ကိုယ်စားလှယ်အဖြစ် နှုတ်ထွက်ပြီး ကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာသူပါ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ကော်မရှင်ကို ဦးသိန်းစိုးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ တရားမမျှတမှုတွေ ရှိခဲ့တယ်လို့​ ​ရွေးကောက် ပွဲဝင်ပါတီတွေနဲ့​ရွေးကောက်ပွဲ​ ​စောင့်ကြည့်သူတွေက အပြစ်တင်ခဲ့ကြပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို ဘယ်တော့ ကျင်းပမယ် ဆိုတာကတော့ အစိုးရက တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပေမယ့် မဲဆန္ဒနယ်ပေါင်း ၄ ဒါဇင်မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ရှိတယ်လို့ ကော်မရှင်က ဆိုပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း နေရာအားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်နေပြီး၊ ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင်လည်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်တခုမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

ကြာသာပတေးနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်ခရီးမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင့်လည်း သီးသန့်တွေ့ဆုံခဲ့ပြီး၊ ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့