Wednesday, July 20, 2011

ဘုရားများ မပင့်ဆောင်ရန် မြောက်ဦးဒေသခံများ တားမြစ်

ဇူလိုင်လ ၁၉ ရက် ၂၀၁၁ ခုနှစ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ဟောင်းမှ တူးဖော်ရရှိသည့် လောကမဉ္ဇူဘုရား၊ ဆင်းတုတော်များနှင့် ဌာပနာများအား နေပြည်တော်သို့ ဒေသအာဏာပိုင်များ ပင့်ဆောင်ရန် ကြိုးပမ်းနေစဉ် ဒေသခံ ၂ဝဝဝ ခန့်က ဝိုင်းဝန်း တားမြစ်မှုတရပ် တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့သည်။

ဆင်းတုတော်များ ကိန်းဝပ်ရာ ရတနာ့မာန်အောင် ကျောင်းတိုက်အတွင်း ပြန်လည် ပင့်ဆောင်ရန်အတွက် အာဏာပိုင်များက ဆရာတော် ၅ ပါးအား ဆွမ်းကပ် လျှောက်ထားစဉ် ဒေသခံများ သိရှိသွားပြီး ကျောင်းဝင်းအတွင်း စုပြုံရောက်ရှိလာခြင်း ဖြစ်သည်။

“ရောက်လာတဲ့လူတွေထဲမှာ အမျိုးသမီးတွေက ပိုများတယ်။ အားလုံးလိုလိုက လူလတ်ပိုင်းတွေ များတာပေါ့။ အဲဒီနေ့က ဖြစ်တာက ရှေးဟောင်းသုတေသနဌာနက ဒုညွှန်ကြားရေမှူးကိုယ်တိုင်လာတာ” ဟု တားမြစ်ရာတွင် ပါဝင်ခဲ့သည့် ဒေသခံတဦးက မဇ္ဈိမကို ပြောပြသည်။

သူက ဆက်ပြီး “အခု ကျနော်တို့ ရတနာ့မာန်အောင် ကျောင်းတိုက်မှာ ကိန်းဝပ်နေတဲ့ လောကမဉ္ဇူဘုရားနဲ့တကွ တူးဖော်ရရှိတဲ့ တခြားဘုရားတွေနဲ့ ပစ္စည်းတွေကို ရှေးဟောင်း သုတေသနဌာနကို ပြောင်းလွှဲပေးရမယ် ဆိုပြီး အမိန့်စာပါတယ်လို့ သူက ဖတ်ပြပါတယ်။ နိုင်ငံတော် သမ္မတကြီး အမိန့်စာ၊ နောက်ပြီးတော့ နေပြည်တော် ယဉ်ကျေးမှု ဒုဝန်ကြီးရဲ့ ညွှန်ကြားချက်အရ ပြည်နယ်ဝန်ကြီးအဖွဲ့ရဲ့ ညွှန်ကြားစာပါတယ် ဆိုပြီးတော့ ပြောပါတယ်” ဟု ဆိုသည်။

အာဏာပိုင်များဘက်မှ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရှေးဟောင်းသုတေသနမှ ဒုညွှန်ကြားရေးမှူးတို့ ဦးဆောင်ကာ မြို့နယ်ရဲမှူး၊ ယဉ်ကျေးမှုဌာန ဝန်ထမ်းများ၊ သုတေသနဌာန ဝန်ထမ်းများ၊ ထောက်လှမ်းရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် လူပေါင်း ၄၀ ခန့် ပါဝင်သည်ဟု ဒေသခံများ အဆိုအရ သိရသည်။

၂ဝ၁၁ မေလ ၃ဝ ရက်နေ့တွင် တူးဖော်ရရှိသည့် အဆိုပါ ဆင်းတုတော်များနှင့် ဌာပနာ ပစ္စည်းများအား အာဏာပိုင်များက နေပြည်တော် ရှေးဟောင်းသုတေသနဌာနသို့ ယူဆောင်ရန် ဇွန် ၁ ရက်နေ့တွင် ကြိုးစားခဲ့စဉ်ကလည်း ယခုလို တားမြစ်မှုမျိုး ဖြစ်ပွားခဲ့သေးသည်။

မြောက်ဦးမြို့ဟောင်း ရတနာသိင်္ခရှိ လောကမဉ္ဇူစေတီတော် ပြန်လည်ပြုပြင်ရန် တူးဖော်စဉ် ဆင်းတုတော်များ ရရှိကာ လောကမဉ္ဇူဆင်းတုတော်မှာ ဉာဏ်တော် ၁၂ လက်မ၊ အလေးချိန် ၄ ပိဿာနှင့် ၆၄ ကျပ်သားရှိပြီး ရွှေဖြင့် သွန်းလောင်း ထားသည်။ ယင်းဆင်းတုတော်အပါအဝင် အခြား ဆင်းတုတော် ၃၆ ဆူပါ တူးဖော်ရရှိခဲ့ခြင်း ဖြစ်သည်။

“အခု ပြည်သူတွေက လောကမဉ္ဖူဘုရားကို လုံးဝမပေးနိုင်ဆိုတဲ့ အနေအထားမှာ ရှိတယ်။ ပထမတခေါက် နန်းရာကုန်းမှာ ဖြစ်တုန်းကလည်း နေပြည်တော် ယဉ်ကျေးမှုဒုဝန်ကြီး ဒေါ်သန္တာခင် ညွန်ကြားချက်နဲ့ ဘုရားကို ယူမယ်ဆိုပြီးတော့ ကားတွေနဲ့ လာကြတာ။ ဒေသခံပြည်သူတွေက လူအုပ်လိုက် အများကြီး ကန့်ကွက်ကြတာ” ဟု ဒေသခံက ဆိုသည်။

လောကမဉ္ဇူ ဆင်းတုတော်မှာ ကာလပေါက်ဈေး သိန်း ၃၀၀၀ ခန့် တန်ဖိုးရှိနိုင်ကြောင်း အငြိမ်းစား ရှေးဟောင်း သုတေသနဌာနမှူး ဦးကျော်ထွန်းအောင်၏ စကားကို ကိုးကား၍ နိရဉ္ဇရာသတင်းဌာနတွင် ဖော်ပြထားသည်။

အာဏာပိုင်များက ဆင်းတုတော်များ ထပ်မံပင့်ဆောင်ရန် ဖိအားပေးလာမည် ဆိုပါက သမ္မတထံ စာရေးသားပေးပို့မည်ဟု ဒေသခံများအကြား ပြောဆိုနေကြသည်။

“မြောက်ဦးဘုန်းကြီးကျောင်းတွေမှာ ရှေးဟောင်းဘုရားတွေကို ကိုးကွယ်လို့ရတဲ့ အစဉ်အလာ ရှိခဲ့ကြတယ်။ ဗန္ဓုလကျောင်းနဲ့ တခြားကျောင်းတွေမှာပါ ရှေးဟောင်းဘုရားတွေကို ကိုးကွယ်ထားကြတာတွေ ရှိတဲ့အတွက် ဒီရတနာ့မာန်အောင် ကျောင်းမှာလည်း ရှေးဟောင်းဘုရားတွေ ကိုးကွယ်လို့ ရပါတယ်ဆိုတဲ့ အထောက်အထားတွေနဲ့ တင်ပြကြမှာပါ” ဟု မြောက်ဦးဒေသခံက ဆိုသည်။

ယခု ဆင်းတုတော် ကိန်းဝပ်ရာ ကျောင်းထိုင်ဆရာတော်မှာ ခရီးထွက်နေပြီး ဇူလိုင် ၂၄ ရက်တွင် ပြန်ရောက်မည်ဖြစ်သောကြောင့် ဒေသခံများက ဆရာတော်နှင့် ဆက်လက် တိုင်ပင်သွားရန်လည်း စီစဉ်ထားသည်။

Ref: မဇ်ၥိမ

0 comments:

အပေါ်သို့