Tuesday, July 19, 2011

ဖမ်းဆီးထားသော မြန်မာစစ်သားများကို KIA ပြန်လွတ်ပေးမည်

19 July 2011

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် KIA ဘက်မှ ဖမ်းဆီးရမိထားသော မြန်မာစစ်သားများကို ဆေးကုသပြီး ပြန်လည်လွတ်ပေးမည်ဟု KIA အရာရှိတဦးက ပြောသည်။

၎င်းက “ကျွန်တော်တို့က ဒီလူတွေကို မေးမြန်းစရာရှိတာတွေ မေးပြီး ပြန်လွတ်ပေးမှာပါ။ အခုလောလောဆယ်တော့ ဒဏ်ရာ ရသူတွေကို ဆေးကုပေးထားပါတယ်။” ဟု ပြောသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်တွင် လိုင်ဇာဌာနချူပ်အနီး မဒီးယန် (Madi Yang) နှင့် ခယာ(Hka Ya) ကြားတွင် တိုက်ပွဲ များဖြစ်ပွားစဉ် ဖမ်းဆီးရပြီး ဗိုလ်ကြီး နှစ်ဦး အပါအ၀င် တပ်သား ၁၁ ဦး ကို လိုင်ဇာဌာနချုပ် လုံခြုံတဲ့ တစ်နေရာတွင်ထား ရှိသည်ဟု ထိုအရာရှိကပြောသည်။ ၄င်းတို့သည် မြစ်ကြီးနား ခလရ ၂၁ မှဖြစ်သည်ဟု ပြောသည်။

ထို့အပြင် သေနတ် ၁၈ လက်၊ ဆက်သွယ်ရေးစက်ကြီး ၁ ခု၊ ကျပ်ငွေ ၂၆ သိန်းခွဲ သိမ်းဆည်းရမိကြောင်း KIA ပြောပါသည်။

KIA နှင့် မြန်မာစစ်အစိုးရတပ်များအကြား ဇွန်လ ၉ ရက်နေ့က စတင်ပြီး တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အစိုးရက ကချင်ပြည်နယ် အင်မောက် (မိုးမောက်)မြို့နယ် အတွင်းရှိ တာခေါ်ခ (တာပိန်မြစ်) ရေအားလျှပ်စစ် စီမံကိန်း အနီးရှိ KIA တပ်များအား လုံခြုံရေးအရ စိတ်မချရဟုအကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့ပြီး တိုက်ပွဲများ နေ့စဉ် နီးပါးဖြစ်ပွားနေပါသည်။

Ref: ကေအန်ဂျီ

0 comments:

အပေါ်သို့