Wednesday, July 20, 2011

ပင်လယ်ဓားပြလက်မှ မြန်မာသင်္ဘောသားများ ပြန်လွတ်တော့မည်

July 19, 2011
နေသွင်

ဆိုမာလီဓားပြတွေ လက်ထဲမှာ ၇ လကျော်ကြာ ပြန်ပေးဆွဲခံနေရတဲ့ မြန်မာသင်္ဘောသား နှစ်ဒါဇင်နီးပါး ဒီလပိုင်းအတွင်းမှာပဲ ပြန်လွတ်လာနိုင်တယ်လို့ သင်္ဘောကုမ္ပဏီနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကတဆင့် စုံစမ်းသိရပါတယ်။


“ခေါင်းဆောင်ပြောင်း ​သွားတဲ့ သဘောပဲဗျ။ ခေါင်းဆောင်​ပြောင်း​သွားတော့ ပထမ သင်္ကြန်မတိုင်မီ​ လွတ်မယ် လို့ဖြစ်နေတာ၊ နောက်ခေါင်းဆောင်ချိန်းသွားတော့ မရဘူး ဆိုပြီး အခြေအနေက နီးစပ်နေပြီဖြစ်တယ်။ သူတို့ဘာလုပ် တယ်ဆိုတာ ကျနော်တို့က ကုမ္ပဏီနဲ့ သင်္ဘောပိုင်ရှင် နဲ့ အဲဒီလူတွေကြားထဲမှာပဲ ရှိတယ်။”

မြန်မာသင်္ဘောသား ၂၃ ဦးပါတဲ့ M.V MSC PANAMA သင်္ဘောကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တန်ဇနီးယန်းနှင့် မိုဇမ်ဘစ်နိုင်ငံ နယ်စပ် အရှေ့ဘက် ပင်လယ်ပြင်မှာ ပင်လယ်ဓားပြတွေက ဖမ်းဆီးသွားတာပါ။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း သူတို့တွေ ပြန်လွတ်ခါနီးပြီးလို့ သတင်းတခါ ထွက်ခဲ့ပေမယ့် ပြန်လွတ်မလာခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း မြန်မာသင်္ဘောသား ၃ ဦး ပါတဲ့ စင်ကာပူနိုင်ငံ Glory Ship Management ပိုင် M.T GEMINI သင်္ဘောတစင်းကိုလည်း ဆိုမာလီ ဓားပြတွေ ပြန်ပေးဆွဲထားတာကြောင့် ခုချိန်ထိ စုစုပေါင်း မြန်မာ သင်္ဘောသား အနည်းဆုံး ၂၆ ဦး ဓားပြတွေ လက်ထဲမှာ ကျရောက်နေပါတယ်။

“ဆိုမာလီ ဓားပြတွေလက်ထဲမှာ သင်္ဘောသားတွေကတော့ တခါမှ မသေဖူးဘူးပေါ့နော်။ အစားအသောက် ပူစရာ မလိုဘူး။ အနေအထိုင် ပူစရာ မလိုဘူးလို့ ကြားတယ်။ ကျန်တာက ငွေကြေးကိစ္စက ပေါ်လစီနဲ့ သွားတဲ့အတွက် မပါဘူးလေ။”

အရင်တုန်းက မြန်မာသင်္ဘောသားတွေပါတဲ့ သင်္ဘော ၄ စင်းလောက် အဖမ်းခံရဖူးပြီး အားလုံး ဘေးမသိ ရန်မခဘဲ ပြန်လွတ် လာခဲ့ကြပါတယ်။

ဇန်န၀ါရီလ ၁၅ ရက်နေ့က အိန္ဒိယ သမုဒ္ဒရာ အတွင်းက အဖြစ်အပျက် တခုမှာတော့ ဆိုမာလီ ဓားပြတွေလက်ကနေ သင်္ဘော တစင်းကို တောင်ကိုရီယား ကွန်မန်ဒိုတွေက ၀င်ရောက် တိုက်ခိုက် ကယ်တင်ခဲ့ရပြီး အဲဒီတုန်းကလည်း မြန်မာသင်္ဘောသား ၁၁ ဦး ဘေးမသိရန်မခ ပြန်လည် လွတ်မြောက်လာခဲ့ဖူးပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့