Tuesday, July 19, 2011

ဒေါ်စု အာဇာနည် ဗိမာန်သို့ သွားရောက် ဂါရဝပြု

မျိုးသန့်
ဇူလိုင်လ ၁၉ ရက် ၂၀၁၁ ခုနှစ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် သည် အင်္ဂါနေ့နံနက် ၈ နာရီခွဲတွင် အာဇာနည် ဗိမာန်သို့ သွားရောက်ကာ အာဇာနည်ခေါင်းဆောင်ကြီး ဖြစ်သော ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ဂါရဝ ပြုခဲ့သည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် နံနက် ၈ နာရီခန့်တွင် သွားရောက် ဂါရဝပြုခဲ့ခြင်းဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောသည်။


"အာဇာနည် ခေါင်းဆောင်တွေရဲ့ မိသားစုတွေ သီးသန့် ဂါရဝပြုတဲ့ အစီအစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည် ကုန်းမှာ ပန်းခွေချဖို့ အတွက် သူတို့ လာခေါ်သွားပြီ လာခေါ်သွားပြီးတော့ အခုနပဲ ပြန်ရောက်တယ်ပြည်ထဲရေးက အရာရှိ တယောက် လာခေါ်သွားတယ် ပန်းခွေချပြီးတော့ ပြန်ရောက်နေပြီ" ဟု ဦးဝင်းထိန်က မဇ္ဈိမကိုပြောသည်။

အင်္ဂါနေ့တွင် ကျရောက်သည့် ၆၄ နှစ်မြောက် အာဇာနည်နေ့အတွက် ယနေ့နံနက်က တက္ကသိုလ် ရိပ်သာလမ်းဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်တွင် သံဃာတော် ၁ဝ ပါးကို အာရုံဆွမ်း ကပ်လှူပူဇော်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်ပြုလုပ်သည့် အာရုဏ်ဆွမ်း ကပ်လှူပွဲသို့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးလည်း တက်ရောက်ခဲ့သည်။

ယင်းအပြင် NLD ၏ ရွှေဂုံတိုင်ရုံးတွင်လည်း အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးသန်းထွန်း၊ ဦးလှဖေ၊ ဒေါ်မေဝင်းမြင့် တို့ဦးစီးကာ သံဃာတော် ၅ ပါးကို အာရုဏ်ဆွမ်း ကပ်လှူခဲ့သေးသည်။

၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးတွင် အင်္ဂါနေ့နံနက် ၁၁ နာရီတွင် ကျင်းပမည်ဖြစ်သည်။ နေ့လည် ၁၂ နာရီတွင် NLD ၏ အဖွဲ့ချုပ်ဝင်များ၊ လူငယ်များနှင့်အတူဒေါ်အောင်ဆန်းစုကြည်လည်း အာဇာနည်ဗိမာန်သို့ ချီတက် ဂါရဝ ပြုကြဦးမည် ဖြစ်သည်။

Ref: မဇ်ၥိမ

0 comments:

အပေါ်သို့