Thursday, July 21, 2011

ICC အမြန်ရောက်လိုသူ အငြင်းပွားဖွယ်ရာ ဦးထူးထူးဟန်

ကိုပေါက်
ဇူလိုင်လ ၂၀ ရက် ၂၀၁၁ ခုနှစ်

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး ICC သို့ တက်ရောက်ရန် ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို မြန်မာစစ်ရာဇ၀တ်ကောင်အဖြစ် ထုတ်ဖော်ဝန်ခံခဲ့ကြောင်း သြစတြေးလျ နိုင်ငံသားဖြစ်နေပြီး မိမိကိုယ်ကို စစ်ထောက်လှမ်းရေး ဗိုလ်ဟောင်းဟု ဆိုထားသူ ဦးထူးထူးဟန်က မဇ္ဈိမကို ပြောသည်။

၁၉၈၈ လူထုအုံကြွမှုအတွင်း အစိုးရဆန့်ကျင်ဆန္ဒပြသူ ၂၄ ဦးအား ကိုယ်တိုင်ပစ်သတ်ခဲ့ပြီး ၁၀၀ ကျော် သတ်ဖြတ်ရာ၌ ပါဝင် ခဲ့သည်ဟု ဦးထူးထူးဟန်၏ ၀န်ခံဖြောင့်ချက်များကို ကိုးကား၍ သြစတြေးလျနိုင်ငံ AAP သတင်းဌာနတွင် ဇူလိုင်လ ၁၈ ရက်နေ့ ကတည်းက ဖော်ပြပါရှိခဲ့ပြီး ဖြစ်သည်။

“အဓိကက ICC ကို ရောက်ချင်တယ်။ ICC ကို တန်းတူစကားပြောချင်တယ်။ ဒါ ကျနော့်ရည်ရွယ်ချက်။ အဲဒီအချိန်မှာ ကမ္ဘာ့ မီဒီယာကို ကျနော်က ရထားပြီ။ အဲဒီ ကမ္ဘာ့မီဒီယာရဲ့ အားနဲ့ နိုင်ငံတကာမှာရှိတဲ့ သမ္မတတွေ၊ အကြီးအကဲတွေ အကုန်လုံးက ကျနော့်ရဲ့အကြောင်းကို ကြည့်မယ်လေ။ အဲဒီမှာ ကျနော်ပြောချင်တာ ပြောလို့ရတယ်လေ” ဟု ဘရစ္စဘိန်း မြို့နေ ဦးထူးထူး ဟန်က ပြောသည်။

သို့သော် သူ၏လုပ်ရပ်အပေါ် အတိုက်အခံများအတွင်း သံသယဖြစ်သူများရှိနေကြသလို မြန်မာအစိုးရကိုသာ အကျိုးဖြစ်ထွန်း စေမှာ လားဆိုသော မေးခွန်းထုတ်လာကြသည်။

“မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက တကယ်ရှိနေတာ။ အခုလိုမျိုး ဇာတ်လမ်းတွေ ထွင်ပြောလို့ ဒါတွေဟာ မဟုတ်ခဲ့ဘူးလို့ တနေ့ သိတဲ့အချိန်မှာ တကယ်ဖြစ်ရပ်တွေအပေါ် ဖုံးကွယ်သွားပြီး စစ်အစိုးရကို အထောက်အကူ သွားဖြစ် နိုင်တယ်” ဟု ကနေဒါ မြန်မာ့မိတ်ဆွေများအဖွဲ့ - CFB မှ အမှုဆောင်ဒါရိုက်တာ ဦးတင်မောင်ထူးက မဇ္ဈိကို ပြောသည်။

၁၉၆၇ ခုဖွား ဦးထူးထူးဟန်၏ အဆိုအရ ၎င်းမှာ စစ်ထောက်လှန်းရေး MI - 6 တွင် ဗိုလ်အဖြစ် တာဝန်ထမ်းနေစဉ် ၈၈ အရေး အခင်း ကာလအတွင်း တောင်ဥက္ကလာ အခြေခံပညာ အထက်တန်း ကျောင်းသားများသမဂ္ဂ (အကသ) အတွင်းရေးမှူးအဖြစ် သူလျှိုလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဦးထူးထူးဟန်နှင့်အတူ ဘန်ကောက်နှင့် သြစတြေးလျတွင် အကသ လှုပ်ရှားမှုများ အတူတွဲလုပ်ခဲ့ဖူးသူ ကိုဇေယျာဦးက “ကျနော် အကဲခတ်မိသလောက်ကတော့ သူ့စကားက အမျိုးမျိုးပြောနေတော့ မယုံရဘူး။ နိုင်ငံရေးမှာလည်း ဟီးရိုးဖြစ်ချင်တာတွေ အများ ကြီးပဲ။ ဟုတ်တာရော၊ မဟုတ်တာရော ပါးစပ်က ပြောနေတာ။ သူနာမည်ကြီးရင် ကောင်းတာဖြစ်ဖြစ်၊ မကောင်းတာဖြစ်ဖြစ် လုပ် မှာပါပဲ” ဟု မဇ္ဈိမကို ပြောသည်။ အကသ လှုပ်ရှားမှုဆိုသည်မှာ ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအား ထောက်ပံ့ငွေ လှူဒါန်းခြင်း ဖြစ်သည်။

ဦးထူးထူးဟန်က မြန်မာနိုင်ငံအရေး ICC ရောက်ရေးကိစ္စကို မည်သူနှင့်မျှ မတိုင်ပင်ဘဲ ၎င်းတဦးတည်းဆန္ဒဖြင့် လုပ်ဆောင် ခဲ့သည်ဟု ဆိုသည်။

“ကျနော်တယောက်ထဲ လုပ်တာ။ မီဒီယာ ရဖို့နည်းက အများကြီးရှိတယ်ဗျ။ ခင်ဗျားက ထူးထူးဆန်းဆန်းလုပ်ပြရင် မီဒီယာက ခင်ဗျားဆီ ရောက်လာမှာ။ ကျနော်က ဖြတ်လမ်းက တက်တဲ့သဘော ဖြစ်နေတယ်။ သူတို့က လုပ်ထုံးလုပ်နည်းကြီးနဲ့ တက်တယ် ဆိုရင် မရဘူး။ ဒေါ်အောင်ဆန်းစုကြည် ရှိတုန်းလေးကို ရတဲ့နည်းနဲ့ တိုက်ကြပါ” ဟု ပြောသည်။

ဤသို့ တိုင်ပင်ဆွေးနွေးမှုမရှိဘဲ တကိုယ်တော်လှုပ်ရှားမှုကြောင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင် - CoI ဖွဲ့စည်းရေး ကဲမ်ပိန်းလှုပ်ရှားမှုကြီးအား ထိခိုက်စေနိုင်ကြောင်း ဦးတင်မောင်ထူးက ပြောသည်။

“အများကြီး ထိခိုက်မှုရှိနိုင်တာပေါ့။ ကျနော်တို့ပြောခဲ့တဲ့ ဟာတွေက ဘာမှ လိမ်ညာပြောဆိုခဲ့တာ မဟုတ်ဘူး။ သူ ထ,လုပ် လိုက်တော့မှ ကျနော်တို့ပြောတဲ့ အရာတွေက မှန်ပေမယ့် အမှားတွေ ဖြစ်သွားနိုင်တဲ့ အချက်ပေါ့။ ကျနော်တို့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်တယ်။ လှုပ်ရှားမှုကို အများကြီး ထိခိုက်နိုင်တယ်” ဟု ဆိုသည်။

ဦးထူးထူးဟန်အနေဖြင့် ယခုကဲ့သို့ လူသတ်ခဲ့ကြောင်း ပြောဆိုထားသော်လည်း သြစတြေးလျ ရဲဌာနများက တစုံတရာ စစ်ဆေး မေးမြန်းခြင်း မရှိသေးပေ။

“အခု ဘာအရေးယူမှုမှ မရှိသေးဘူး။ ဒီမှာက ၀န်ခံတိုင်းလည်း အရေးယူလို့ရတာ မဟုတ်ဘူး။ လိမ်ပြောနေတာလားလို့ ထင်ချင် ထင်မယ်။ ကျနော်က အရမ်းနာမည်ကြီးတာကိုး။ စောင့်ကြည့်နေတယ်။ ကျနော့်ဖုန်းလိုင်းတွေ နားထောင်နေတယ်။ သိတာပေါ့။ ကျနော်လည်း ထောက်လှမ်းရေးက လာတာပဲ” ဟု သူက ဆိုသည်။

ဤလုပ်ရပ်ကြောင့် သြစတြေးလျသို့ မြန်မာနိုင်ငံသားများ လာရောက်အခြေချရေးအပေါ် သက်ရောက်မှုများ ရှိစေနိုင်ကြောင်း ဘရစ္စဘိန်း တမြို့ထဲနေ ကိုတင်ကိုက “ကျနော်ထင်တယ်။ နောက်ပိုင်း ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်။ နောက်ပိုင်းလာတဲ့ လူတွေ ကို စိစစ်မှုတွေ ပိုလုပ်လာမယ်။ အရေအတွက် လျှော့ချတာတွေ ဖြစ်လာနိုင်တယ်။ သူ လီဆယ်ပြီး ပြောတယ်ဆိုရင်လည်း သြစတြေးလျအစိုးရက ဥပဒေအရ အရေးယူပါလိမ့်မယ်” ဟု ပြောသည်။

ထို့အပြင် ဦးထူးထူးဟန်၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေမှာလည်း အစောင့်ရှောက်ခံ အနေအထားဖြင့် ဆေးပင်စင် ရရှိထားကြောင်း တမြို့ထဲနေ သူ၏ မိတ်ဆွေများက ပြောသည်။

ဤကိစ္စနှင့်ပတ်သက်၍ ဦးထူးထူးဟန် ကိုယ်တိုင်ကလည်း “ကျနော်က ထောင်တွေထဲမှာလည်း ရက်ရက်စက်စက် အရိုက်ခံခဲ့ ရဖူးတယ်။ သာယာဝတီထောင်မှာ ကျနော်မရောက်ဖူးတဲ့ တိုက်ခန်း မရှိပါဘူး။ သြစတြေးလျမှာလည်း စိတ်ကျရောဂါနဲ့ အိပ် ဆေးလေးဘာလေး သောက်ရတယ်။ ကောင်းဆဲလင်းတွေနဲ့ သွားတွေ့တယ်။ အခုထက်ထိပေါ့။ အရူးတော့ မဟုတ်ဘူးဗျာ။ စိတ်ကျတာတော့ ရှိတယ်” ဟု ရှင်းလင်းပြောဆိုသွားသည်။

မဇ္ဈိမနှင့် ဦးထူးထူးဟန် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံအား သီးခြားဖော်ပြသွားမည်ဖြစ်သည်။

Ref: မဇျ္စိမ

0 comments:

အပေါ်သို့