Thursday, July 21, 2011

ထိုင်း ဘလက်ဟော့ စစ်ရဟတ်ယာဉ်ပျက် မြိတ်အနီးတွေ့ဟုဆို

မျိုးသန့်
ဇူလိုင်လ ၂၀ ရက် ၂၀၁၁ ခုနှစ်

အင်္ဂါနေ့မွန်းလွဲပိုင်းက ပျက်ကျသွားခဲ့သည့် ထိုင်းစစ်တပ်ပိုင် ဘလက်ဟော့ ရဟတ်ယာဉ်ကိုမြန်မာနိုင်ငံ မြိတ်မြို့အနီးတွင် တွေ့ရှိပြီဖြစ်ကြောင်း ထိုင်းရတ် Thairath သတင်းဌာနက ရေးသားသည်။

ဘလက်ဟော့ ရဟတ်ယာဉ် NQ 24113 ကို ထိုင်းမြန်မာနယ်စပ်နှင့် တမိုင်ခန့်အကွာ မြိတ်မြို့အနီး မြန်မာတပ်ရင်း၁ဝ၁ အနီး
တွင် တွေ့ရှိကာ ရဟတ်ယာဉ်တွင်း သေဆုံးသူများ၏ အလောင်းများ ထိုင်းနယ်စပ်သို့ ပြန်သယ်ရန်မြန်မာအရာရှိများ၏ ညွှန်ကြားချက်များကို စောင့်ရန်လိုနေသေးသည်ဟု သတင်းတွင်ဖော်ပြသည်။

ရဟတ်ယာဉ်သည် စနေနေ့က ထိုင်းမြန်မာ နယ်စပ်အတွင်း ပျက်ကျသွားသည့် Huey ရဟတ်ယာဉ်များကို ရှာဖွေရန်ခြေလျင် တပ်မဟာ အမှတ် ၉ မှ ဗိုလ်ချုပ်တဦး၊ ဗိုလ်မှူးနှစ်ဦးနှင့် ရုပ်သံလွှင့် သတင်းထောက် တဦး စုစုပေါင်း ၉ ဦးကို တင်ဆောင်ကာ မြန်မာနယ်စပ်သို့ ထွက်ခွာသွားရာ ဒေသစံတော်ချိန် နေ့လယ် ၁၂း၃ဝ ခန့်တွင် ပျက်ကျသွားသည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။

မြန်မာစစ်တပ် ပစ်ခတ်မှုကြောင့် ပျက်ကျသွားသည်ဟု ကောလာဟလများ အစောပိုင်းတွင် ထွက်ပေါ်ခဲ့သေးသော်လည်း ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျရကြောင်း ထိုင်းတပ်မဟာ ၁၊ စစ်တိုင်းမှူးက သတင်းထောက်များကိုပြောဆိုသည်။

စနေနေ့တွင် ပထမ ပျက်ကျသည့် Huey ရဟတ်ယာဉ်ပါ အလောင်း ၅ လောင်းကို လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ရတ်ခ်ျဘူရီမြို့သို့ ဗုဒ္ဓဟူးနေ့ နေ့လယ် ၂ နာရီတွင် ပြန်သယ်လာပြီဟုလည်း ထိုင်းသတင်းများတွင် ရေးသားသည်။

အင်္ဂါနေ့က ပျက်ကျသည့် ဘလက်ဟော့ ရဟတ်ယာဉ်တွင် လိုက်ပါသွားသူများကို ရှာဖွေရန် ပက်ခ်ျဘူရီခရိုင် အခြေစိုက် ထိုင်း စစ်တပ် ခြေလျင်တပ်ရင်း အမှတ် ၉ မှ တပ်သား အယောက် ၆ဝ ထိုင်း-မြန်မာနယ်စပ် မြိတ်ခရိုင်သို့ ဗုဒ္ဓဟူးနေ့နံနက် ၇ နာရီက ထွက်ခွာသွားပြီဟုလည်း ဗုဒ္ဓဟူးနေ့ အစောပိုင်း ထိုင်းသတင်းများက ရေးသားကြသည်။

အင်္ဂါနေ့က ပျက်ကျခဲ့သည့် ရဟတ်ယာဉ်မှာ သက်တမ်း ၇ နှစ် ရှိပြီး မထွက်ခွာမီ စစ်ဆေးချက်များအရ စက်အလုပ် လုပ်နိုင်မှု စွမ်းရည် ရာနှုန်းပြည့် ကောင်းမွန်ကြောင်းလည်း သတင်းများကဆိုသည်။ ထိုင်းစစ်တပ်တွင် ဘလက်ဟော့ ရဟတ်ယာဉ် ၅ စီး ကျန်ရစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့