Thursday, July 21, 2011

မတရားရောင်းစားခံရသည့်မြေကိစ္စ အုပ်ချုပ်ရေးရုံးက အရေးမယူ

July 21, 2011

ကရင်ပြည်နယ် ဘားအံမြို့နယ်ထဲက ရွာသားပိုင် မြေလွတ်မြေရိုင်းတွေကို ဒီကေဘီအေ တပ်မှူးတချို့နဲ့ ဒေသခံအာဏာပိုင်တွေ ပူးပေါင်းပြီး ရောင်းချခဲ့တဲ့ကိစ္စမှာ နစ်နာကြေးတွေ ပြန်ရဖို့အတွက် ရွာသားတွေက အုပ်ချုပ်ရေးရုံးမှာ အဆင့်ဆင့်တိုင်ကြား ခဲ့ပေမယ့် ဒီကနေ့အထိ အရေးယူဖြေရှင်းပေးတာ မရှိသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၇ ကနေ ၂၀၁၀ ခုနှစ် အတွင်းမှာ နောင်လုံအခြေစိုက် ဒီကေဘီအေ တပ်မဟာ ၉၉၉ တပ်ရင်း ၄ က ဗိုလ်ကျော်ရွှေ၊ ဗိုလ်ကြာဝင်း၊ ရွာသား ဦးကြာဟဲနဲ့ ပြည်နယ်မြေစာရင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးစောသန်းစိန်၊ မြေတိုင်းစာရေး ဦးစ၀င်းထွန်း၊ ဦးပါပီိတို့က ပူးပေါင်းပြီးတော့ ဘားအံမြို့နယ် နတ်ထိပ် ကျေးရွာ အရှေ့ဘက်နဲ့ တောင်ဘက်ခြမ်း မှာရှိတဲ့ မြေလွတ် မြေရိုင်း ဧကပေါင်း ၃ ထောင်ကျော်ကို အကွက်ရိုက်ပြီး ပြည်တွင်းပြည်ပစီးပွားရေး လုပ်ငန်းရှင်တွေကို ရောင်းချပေးခဲ့ပါတယ်။

မြေတကွက်ကို ကာလပေါက်ဈေး ကျပ်ငွေသိန်းနဲ့ချီပြီး ရခဲ့ပေမယ့် ရွာသားတွေအတွက် ဘာမှ အကျိုးခံစားခွင့် မရှိခဲ့ပါဘူး။

ဒီကိစ္စကို အရေးယူပေးဖို့ ဒေသခံရွာသားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် မေလတုန်းက ကျေးရွာအေးချမ်း သာယာရေးဥက္ကဋ္ဌကနေ မြို့နယ်အေးချမ်းသာယာရေးဥက္ကဋ္ဌ အဆင့်ထိ တရားဝင် စာရေးတောင်းဆိုပေမယ့် ဘာမှအရေးတယူ ဖြေရှင်းပေးတာ မရှိခဲ့ဘူး။

ဒါကြောင့် ဒီနှစ်မေလထဲမှာ ကရင်ပြည်နယ် အုပ်ချုပ်ရေးရုံးထိကို တက်ပြီး တိုင်ကြား ခဲ့ပေမယ့် ဒီကနေ့ထိ ဘာမှ အရေးယူပေး တာ မရှိသေးဘူးလို့ ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့