Tuesday, July 19, 2011

KIA တပ်မဟာ ၄ ကိုသိမ်းပိုက်ရန် မြန်မာက တရုတ်ကိုအကြောင်းကြား

19 July 2011

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၄ အားတိုက်ခိုက်သိမ်းပိုက်တော့မည်ဖြစ်ကြောင်း နယ်စပ်တရုတ်အာဏာပိုင်များထံသို့ သက်ဆိုက်ရာမြန်မာ အစိုးရအရာရှိများအကြောင်းကြားခဲ့ ကြောင်း သိရသည်။

ဇူလိုင် ၁၆ ရက် စနေနေ့၊ မုံကိုးမျက်နှာချင်းဆိုင် မန်ဟိုင်း၌ တရုတ်အစိုးရ ပြည်ပဆက်ဆံရေးရုံးတွင် နှစ်ဖက်နိုင်ငံမှ တာဝန်ရှိ ပုဂ္ဂိုလ်များတွေ့ဆုံစဉ် တရုတ်ထံ မြန်မာဘက်က ဆွေးနွေးအကြောင်းကြားခြင်း ဖြစ်သည်ဟု နယ်စပ်သတင်းရပ်ကွက်မှ သိရသည်။


လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ အားသိမ်းပိုက်စဉ် မြန်မာစစ်သားများ မန်ဟိုင်းသို့ ၀င်ထွက်သွားလာနိုင်ရန် တရုတ်ထံ ခွင့်တောင်းသည့်အပေါ် အချင်းချင်းနားလည်မှုတစ်ခု ပြုလုပ်နိုင်ခဲ့သည်ဟု ထပ်မံသိရသည်။

အစည်းအဝေး၌ ယခင် မုံးကိုးကာကွယ်ရေးတပ်ဖွဲ့ (Munggu Defense Army) ထိန်းချုပ်ဒေသသို့ပါ KIA များ စိမ့်ဝင် လှုပ်ရှားလာသောကြောင့် အမြန်ဆုံးချေမှုန်းပစ်ရန် ကက(ကြည်း)နှင့် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ)မှ ညွှန်းကြားချက်ထွက်လာခြင်းများကို မြန်မာဘက်မှ ဆွေးနွေးခဲ့သည်ဟု အစည်းအဝေးနှင့်နီးစပ်သူများ ပြောသည်။

ယခင်ကလည်း KIA တပ်မဟာ ၄ အား KIO/KIA ဌာနချုပ် တည်ရှိရာ ကချင်ပြည်နယ်သို့ ပြောင်းရွှေ့ရန် သို့မဟုတ် ပြည်သူ့စစ် သို့အသွင်ပြောင်းလဲရန် မြန်မာစစ်တပ်က အကြိမ်ကြိမ် ဖိအားပေး တိုက်တွန်းခဲ့သည်။

သို့သော် လက်ရှိအခြေအနေထိ တပ်မဟာ ၄ အားသိမ်းပိုက်ရန် မြန်မာစစ်တပ်၏ သိသာထင်ရှားသည့် စစ်ရေးလှုပ်ရှားမှု မတွေ့ ရသော်လည်း ဌာနချုပ်လိုင်ဇာတွင်မူ KIO ခေါင်းဆောင်များမှ အရေးပါသော အစည်းအဝေးများ ကျင်းပနေသည်ဟု သိရသည်။

Ref: ကေအန်ဂျီ

0 comments:

အပေါ်သို့