Thursday, July 21, 2011

အစိုးရတပ်မှ ၇ ဦး KIO မိထားဆို

ဖနိဒါ
ဇူလိုင်လ ၂၀ ရက် ၂၀၁၁ ခုနှစ်

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား ၂ ရက်ကြာ တိုက်ပွဲတွင် အစိုးရတပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၂၁ မှ ဗိုလ်ကြီး တဦးနှင့် တပ်သားများ အပါအဝင် ၇ ဦးကို လက်နက်ပစ္စည်းများနှင့်အတူ KIO က လိုင်ဇာဗဟိုဌာနချုပ်တွင် ဖမ်းဆီးထားသည်။

KIO တပ်ရင်း ၁၈၊ ၂၃ တို့နှင့် ပမခ လက်အောက် ခလရ ၂၁ တို့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ် ဝိုင်းမော်မြို့နယ် ခယာ ကျေးရွာတွင် ယခု ဇူလိုင်လ ၁၆၊ ၁၇ ရက် နှစ်ရက်ကြာတိုက်ပွဲတွင် မြန်မာအစိုးရ တပ်သား ၁ဝ ဦးကျော် ကျဆုံးသည့်အပြင် စစ်သုံ့ပန်းများကို ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးထားသော စစ်သုံ့ပန်းများမှာ ဗိုလ်ကြီး ထွန်းထွန်းမင်း၊ဗိုလ် ဇော်ရဲထွန်း၊ တပ်ကြပ်ကြီး တင်ထွန်း၊ တပ်ကြပ် သိန်းနိုင်ဦး၊ ဒုတပ်ကြပ် နိုင်လင်းထွန်း၊ တပ်သား မျိုးမင်းစိုး၊ တပ်သား နေနိုင် တို့ ၇ ဦးဖြစ်ပြီး ၂ ဦး ဒဏ်ရာရသဖြင့်ဆေးကုသမှု ခံယူနေ သည် ဟု တွဲဘက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

“ ခရာကျေးရွာ တိုက်ပွဲကနေ ဖမ်းဆီးထားတဲ့ လူတွေဘဲ။ အစိုးရတပ်တွေက သေနတ်တွေ ပစ်ထားပြီးတော့ ထွက်ပြေး သွားတယ်။ ကျတာက ၁ဝ ယောက်ကျော်တော့ ရှိမယ်။ သူတို့ ဆန္ဒအတိုင်း ပြန်ခိုင်းမယ်။ ကျနော်တို့ကနိုင်ငံတကာ စည်းမျဉ်း အတိုင်း လိုက်နာ ကျင့်သုံးမှာပါ။ တခြားဘာမှ မလုပ်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

ဒု-တပ်ကြပ် နိုင်လင်းထွန်းနှင့် တပ်ကြပ်ကြီး တင်ထွန်း တို့ ဒဏ်ရာရသဖြင့် လိုင်ဇာဆေးရုံတွင် ဆေးကုသပေးနေပြီး သူတို့ကို KIA ၏ သုံ့ပန်းစည်းမျဉ်းစည်းကမ်းများနှင့် အညီ စစ်ဆေးမေးမြန်း၍ သူတို့ဆန္ဒအတိုင်း ပြန်လွှတ်ပေးမည်ဟု ဆိုသည်။

၆ဝ မမ ပြောင်းရှည် ၂ လက်၊ ကျည် ၅ လုံး၊ MG 42 Machin ၂ လက်၊ ကျည် ၃ တွဲ၊ MA4 လောင်ချာတွဲ ၁ လက် ကျည်ပေါင်း ၇ဝဝ၊ MA3 ၃ လက်၊ MA1 ၅ လက်၊ MA2 ၁ လက်၊ RPG ဗုံးသီး ၉ လုံး၊ ၉ မမ ပစ္စတို ၄ လက်၊ ကျည် ၆၄ တောင့်၊ နင်းမိုင်း ၉ လုံး၊ လက်ပစ်မိုင်း ၇ လုံး၊ ၇၉ မမ ဗုံးသီး ၇ လုံး၊ ၇.၆၂ ကျည်ဆံ ၅၆၉ တောင့်တို့ကို သိမ်းဆည်းထားသည်ဟု KIO က ပြောသည်။

ယင်းတိုက်ပွဲတွင် မြန်မာအစိုးရဘက်မှ စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်ခိုင်ဝင်း အပါအဝင် အနည်းဆုံး ၁ဝ ဦးကျော် သေဆုံးမည်ဟု KIO က ပြောသည်။

အလားတူ မန်စီမြို့နယ် ကောင်လွန်ကျေးရွာအနီးတွင် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နှင့် မြန်မာ အစိုးရတပ် ခမရ ၃၄၈ တို့အကြား ယခုလ ၁၈၊ ၁၉ ရက်များတွင် နှစ်ရက်ကြာ တိုက်ပွဲတွင် အစိုးရဘက်မှ စစ်ကြောင်း ၁ မှူး ဗိုလ်ကြီး သိန်းဇော်ထွေးနှင့် တပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု ဦးလနန်က ပြောသည်။

“မနေ့ကထိဖြစ်တဲ့ တိုက်ပွဲမှာ ခမရ စစ်ကြောင်း ၁ မှူး ဗိုလ်ကြီးနဲ့ တပ်သား ၃ ဦးကျပြီ။ ဒီနေ့ ဆက်ဖြစ်အုန်းမယ်။ ဒါပေမဲ့ သတင်း တော့ မရောက်လာသေးဘူး။ ၁၈ ရက်နေ့မှာ ကျနော်တို့ တပ်ရင်း ၁၂ က တပ်သားတဦး ကျသွားတယ်” ဟု ဦလနန်က ပြော သည်။

ခမရ ၃၄၈ တပ်ရင်းတွင် ခလရ တပ်ရင်း ၇၄ တပ်ဖွဲ့များ အင်အားထပ်ဖြည့်၍ တိုက်ခိုက်နေသည်ဟု ဆိုသည်။

အစိုးရနှင့် KIO အကြား တိုက်ပွဲဖြစ်ပွားမှု ၁ လကျော်ကြာချိန်အထိ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၏ အကူအညီ မရသေး သလို အစိုးရ မဟုတ်သော အဖွဲ့အစည်းများကိုလည်း စစ်ပြေးဒုက္ခသည်များကို မကူညီရန် မြန်မာအစိုးရကပြောဆိုမှုများရှိသဖြင့် မည်သည့် NGO အဖွဲ့အစည်းမှ ကူညီပေးခြင်း မရှိသေးပေ။

ထို့ကြောင့် လက်ရှိ စစ်ပြေးဒုက္ခသည်များမှ ကလေးငယ်များ အတွက် အဓိကအားဖြင့် ကျန်းမာရေးနှင့် အာဟာရဖြည့်ပေးရန် အတွက် အစားအသောက်နှင့် ဆေးဝါးအရေးတကြီး လိုအပ် နေသည်ဟု ဦးလနန်က ပြောသည်။

“ပထမဆုံး ဦးစားပေးက အာဟာရ ဖြည့်ဖို့ ဆေးဝါး လိုအပ်တယ်။ ဆေးဝါးဆိုတဲ့ထဲမှာ ကာကွယ်ဆေးကအစ ကလေးတွေအတွက် အာဟာရ ဖြည့်ဖို့ လိုအပ်နေတယ်။ ကလေးတွေ အာဟာရ ပြတ်လာရင် ကြာရင် ဖျားနာလာမယ်။ ဒါကြောင့် ဖြည့်စွက် အာဟာရ လိုအပ်နေတယ်။ ဆေးဝါးပစ္စည်း ၊ နောက်ပြီးတော့ ကလေးတွေအတွက် ပညာသင်ကြားဖို့ စာရေးကိရိယာတွေ လိုအပ်တယ်” ဟု ပြောသည်။

အလားတူ တိုက်ပွဲကြောင့် အိုးအိမ်နှင့် တောင်ယာ၊ လယ်များကို စွန့်ခွာ၍ ထွက်ပြေးလာသော ဒုက္ခသည် ၁၆,ဝဝဝ အတွက် ပြည်တွင်း၊ ပြည်ပအကူအညီများ မရသေးသဖြင့် အရေးပေါ် ဆန်၊ မိုးကာနှင့် ဆေးဝါး စသည့် အကူအညီများ လိုအပ်နေသည်ဟု ယမန်နေ့ အင်္ဂါနေ့က ထိုင်းအခြေစိုက် ကချင်အမျိုးသမီးများအဖွဲ့ချုပ်-KWAT က ထုတ်ပြန်ခဲ့သည်။

“အခု အခက်အခဲအစုံဘဲ။ မိုးတွင်းဆိုတော့ သဲဆောက်ဖို့၊ ရွက်ဖျင်တွေ၊ စားသောက်ဖို့ ဆန်တွေလည်း လိုအပ်နေတယ်။ ရှိတဲ့ဟာ တွေလည်း စားလို့ကုန်တော့မယ်။ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဘာသာရေး အဖွဲ့အစည်းတွေကတော့ တတ်နိုင်သလောက် အကူ အညီပေးနေတာဘဲ။ ဒါပေမဲ့ မလုံလောက်ဘူး”ဟု KWAT ပြောရေးဆိုခွင့်ရှိသူဒေါ်ချယ်လီဆိုင်းက မဇ္စျိမကို ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့