Wednesday, July 20, 2011

မီးဒဏ်သင့် ကျေးရွာ စာကြည့်တိုက် အတွက် NLD က ကျပ်ငွေ ၁၀ သိန်း လှူဒါန်း

2011-07-19

ဧပြီလ ၁၉ ရက်နေ့က မီးလောင်မှု ဖြစ်ပွါးခဲ့တဲ့ မကွေးတိုင်း ရေစကြိုမြို့နယ် ဂွေးဂုဏ်ကျေးရွာမှာ စာကြည့်တိုက် ဆောက်လုပ်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဗဟိုက ပေးပို့လှူဒါန်းလိုက်တဲ့ ကျပ်ငွေဆယ်သိန်း ကို မကွေးတိုင်း ရေစကြိုမြို့နယ် NLD မြို့နယ်စည်းအဖွဲ့ဝင်တွေဦးဆောင်ပြီး တနင်္ဂနွေနေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

အဲဒီ ငွေ လှူဒါန်းပွဲနဲ့ ပတ်သက်လို့ ဦးဆောင်ပါဝင်ခဲ့တဲ့ ဒေါက်တာ ဦးကျော်ငွေ က -


“အဲဒီကျေးရွာမှာ စာကြည့်တိုက် အဆောက်အဦးက မီးလောင်သွားတယ်။ အဲဒါ အဲန်အယ်လ်ဒီ ဗဟိုက ထောက်ပံ့တဲ့ ငွေဆယ်သိန်း ကို သုံးပင်နံကပ် သွပ်မိုးလေးပေါ့။ နံကပ်ဆိုတာ အုပ်နံကပ်လေးပေါ့။ အဲဒါလေးဆောက်မယ်တဲ့ ဘုန်းကြီး တွေကလည်း ကျေးရွာမှာ ရွာရဲ့ ပညာရေး ရည်ရှည်အတွက် ဆိုပြီးတော့ စာကြည့်တိုက် အဆောက်အဦးလေး လုပ်ချင်တယ်။ စာအုပ်ဆိုတာကတော့ အထိုက်အလျှောက်ရှိပြီးသားပေါ့လေ။ ”

ဒီကျေးရွာက မီးဘေးဒုက္ခသည်တွေကို ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့တုန်းကလည်း မကွေးတိုင်းအတွင်းက အမျိုးသား ဒီမိုကရေစီ အဖွဲချူပ် အဖွဲ့ဝင်တွေ စုပေါင်းလှူဒါန်းတဲ့ ငွေ ၇ သိန်းကျော်ကို အိမ်ထောင်စု တစ်စု ၅၅၀၀ ကျပ်စီ ခွဲဝေလှူဒါန်းပေးခဲ့ပြီး ကျေးရွာ ရေရရှိရေးအတွက် ငွေ သုံးသောင်းလှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။v ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုလုပ်ငန်းများ (မြန်မာ) လို့ခေါ်တဲ့ IDE အဖွဲ့ကနေ မီးဘေးဒုက္ခသည် မိသားစုတစ်စုကို ကျပ်ငွေသုံးသောင်းနှုန်း ကူညီခဲ့သလို ကျေးရွာတွင်း ရေရရှိရေး အတွက် ပိုက်လိုင်း နဲ့ ရေကန်တွေ သွယ်တန်း တည်ဆောက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့ မီးဘေးသင့် ပြည်သူအများစုဟာ မိမိတို့ နေအိမ်တွေ ပြန်လည်ဆောက်လုပ်နေထိုင်နိုင်ဖို့ ဆောက်လုပ်ရေးအကူအညီတွေ လိုအပ်နေဆဲဖြစ်သလို ကျန်းမာရေးအတွက် ဆေးခန်းလည်းမရှိ၊ ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေါက်တာ ကျော်ငွေ က ဆက်လက်ပြောသွားပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့